ကျွန်မတို့နေတဲ့ ကမ္ဘာကြီးကို ဂြိုဟ်ပြာကြီး ( blue planet ) လို့ ပြောကြပါတယ်။ မည်းနက်နေတဲ့ စကြ၀ဠာနောက်ခံမှာ အာကာသထဲ မလင်းတလင်း အပြာရောင်အလုံးလေး ချိတ်ဆွဲထားတဲ့ပုံစံနဲ့ ကမ္ဘာကြီးကို ကိုယ်စားပြုလေ့ ရှိကြပါတယ်။ ကျွန်မငယ်ငယ်တည်းက လက်ခံထားတဲ့အသိက ကမ္ဘာဆိုတဲ့ ဂြိုဟ်ပြာကြီး လုံးဝန်းတယ်ဆိုတာကိုပါ။ အခုတော့ `ကမ္ဘာပြားပြီ ´ တဲ့ … ။
တိုးတက်နေတဲ့ ခေတ်ကြီးနဲ့ မျက်ခြေပြတ်နေတဲ့ လူတွေအတွက်တော့ ကမ္ဘာကြီး ပြားသွားပြီလို့ပြောရင် ရီကြမှာပါပဲ။ ဒါပေမယ့် ခေတ်နဲ့အညီ ရင်ဘောင်တန်းလိုက်နိုင်ပြီး ဗဟုသုတ ကြွယ်ဝတဲ့လူတွေကတော့ ဒါဟာ တင်စားချက်တစ်ခုဆိုတာ နားလည်သဘောပေါက်ကြပါတယ်။ ကမ္ဘာပြားပြီဆိုတာ တနည်းအားဖြင့်တော့ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောတာပါ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီပေါ့။ ဒါဆိုရင် ကျွန်မတို့ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံးဟာ ဂြိုဟ်ပြာရွာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားတွေလို့ ပြောရတော့မှာပေါ့။
ဒီလိုသာဆိုရင် ကိုယ်နေတဲ့ရွာကြီး သာယာလှပရေးအတွက် ကျွန်မတို့တွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို လူတိုင်း သတိထားသင့်ပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးကြဖို့ လိုပါတယ်။ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ဖို့ဆိုရင် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားမှ ဖြစ်မှာပါ။ အမှိုက်သရိုက်တွေ ရှုပ်ပွနေတဲ့၊ လေကောင်းလေသန့် မရနိုင်တဲ့၊ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေဆိုးရေညစ်တွေ ပြည့်လျှံကျနေတဲ့ အနေအထားတစ်ခုဟာ သူ့အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အခုဆိုရင် ကျွန်မတို့နေတဲ့ ဂြိုဟ်ပြာကြီးရဲ့ ကျန်းမာရေးအခြေအနေဟာလည်း တစ်နှစ်ထက်တစ်နှစ် ချွတ်ခြုံကျလာတယ်လို့ ဆိုရပါမယ်။ ကမ္ဘာကြီး တဖြည်းဖြည်း ပူနွေးလာတာ၊ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လဲ အခုလို ဆောင်းအကုန် နွေအကူးအချိန်မှာတောင် အပူဒဏ်ကို သိသာစွာ ခံစားနေရတာတွေဟာ ကမ္ဘာကြီး ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုတဲ့ လက္ခဏာတွေ ပြနေတာပါပဲ။ တချို့နိုင်ငံတွေမှာတော့ သဘာဝဘေးဒဏ်တွေကို ဆိုးရွားစွာ ခံစားနေရပါပြီ။ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလဲ တိုးတက်မှုကနေ ရလာတဲ့ ဘေးထွက်အသီးအပွင့်တွေရဲ့ အရသာက ခါးသက်သက် ဖြစ်လာတာကို ခံစားမိကုန်ကြပါပြီ။ လေထုထဲမှာ ပမာဏများပြားစွာ နေရာယူလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ၊ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အဆိပ်သင့်ကုန်တဲ့ မြစ်ရေတွေ … ဒါတွေဟာ တိုးတက်ထွန်းကားခြင်းရဲ့ ခါးသက်တဲ့ အသီးအပွင့်တွေပါပဲ။
ကျွန်မတို့နိုင်ငံမှာဆိုရင် ကြွပ်ကြွပ်အိတ်ခွံတွေ တောထနေတဲ့ အမှိုက်ပုံတွေကို နေရာအတော်များများမှာ မြင်တွေ့နေရပါတယ်။ ပြီးတော့လည်း လူနေအိမ်တွေရဲ့ အနောက်ဖက်တိုင်းလိုလိုမှာ အမှိုက်တွေ လွယ်လွယ်ကူကူ စွန့်ပစ်ကြရာကနေ နေရာယူလာတဲ့ နောက်ဖေးလမ်းကြားတွေလဲ ရှိကြပါတယ်။ ဒါတွေဟာ အမှိုက်ကစလို့ ပြသာဒ်မီးလောင်မယ့် နမိတ်ပုံတွေပါပဲ။
ကျွန်မကတော့ အိမ်ကလူတွေကို အမှိုက်တွေ နောက်ဖေးလမ်းကြားကို အလွယ်တကူ မစွန့်ပစ်ဖို့ အမြဲသတိပေးပါတယ်။ `ဒါဆိုရင် အမှိုက်ကားလဲ လမ်းထဲကိုမလာ၊ အမှိုက်လာသိမ်းမယ့် အမှိုက်ပုံရယ်လို့လဲ မရှိတော့ ငါတို့က ဘယ်မှာ အမှိုက်သွားပစ်ရမှာလဲ´ လို့ အိမ်ကလူတွေက ကျွန်မကို ပြန်မေးပါတယ်။ `တွင်းတူးပြီးမြှုပ်ပေါ့´ လို့ ပြောတော့ `ငါတို့မှာ အမှိုက်ပစ်ဖို့အတွက် ဒီလောက် အလုပ်ရှုပ်မခံနိုင်ဘူး´ တဲ့။
ကျွန်မ တော်တော် စိတ်ဓါတ်ကျသွားပါတယ်။ ကိုယ့်အိမ်ကလူတွေကိုတောင် အောင်အောင်မြင်မြင် မစည်းရုံးနိုင်ဘဲနဲ့ တခြားသူတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဘယ်လိုများ ပညာပေးရပါ့မလဲလို့ တွေးမိတော့ တကယ်ရင်မောမိပါတယ်။ ကျွန်မကတော့ ကမ္ဘာကြီး ကောင်းကျိုးအတွက် ဘာမှ မသယ်ပိုးပေးနိုင်ရင်တောင်မှ ကမ္ဘာကြီး အဆိပ်သင့်စေမယ့် အမှိုက်တစ်စတော့ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားပါတယ်။ တတ်နိုင်သမျှ ကိုယ့်တစ်နိုင်လေးတော့ တာဝန်သိပေးရမှာပေါ့လေ။ တကယ်တော့ ဂြိုဟ်ပြာကြီးဆိုတာ ကျွန်မတို့အားလုံး မှီတင်းနေထိုင်ရတဲ့ ရွာကြီးတစ်ရွာပဲ မဟုတ်လား။
1 comment:
ဟုတ်တယ် ဗျ ... ကျွန်တော့် အမေဆို တော်တော်ကို ရှင်း ပြရတာ ... သူတို့က မလိုဘူး လို့ ပဲ အလွယ် ယူပြီး လုပ်လိုက်တာ ... တော်တော် ပညာပေးရမှာ ... :)
Post a Comment