သဘာဝသယံဇာတ (Natural Resources) ဆိုတာ လူတွေက မကုန်ခန်းနိုင်တဲ့ ၀တ္ထုပစ္စည်တွေ၊ သုံးမကုန်တဲ့ပစ္စည်းတွေ၊ ပဒေသာပင်က ဆွတ်ခူးလို့ရသလို သုံးမကုန်တဲ့ ပစ္စည်းတွေလို့ လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီသဘာဝသယံဇာတဆိုတာ (၃) မျိုးရှိပါတယ်။ အဲဒီ (၃) မျိုးမှာ သုံးလို့မကုန်နိုင်တဲ့ သယံဇာတ၊ သုံးလို့ကုန်သွားနိုင်တဲ့ သယံဇာတ၊ အစားထိုးလို့ရတဲ့ သယံဇာတဆိုပြီး (၃) မျိုး (၃) စား ရှိပါတယ်။
ပထမအမျိုးအစားဖြစ်တဲ့ သုံးလို့ မကုန်ခန်းနိုင်တဲံ သဘာဝသယံဇာတကတော့ နေရောက်ခြည်စွမ်းအင် (Solar Energy) ၊ လေစွမ်းအင် (Wind Energy) ၊ ရေစွမ်းအင် (Hydro Power)၊ ဒီရေစွမ်းအင် (Tidal Power) နဲ့ မြေကြီးထဲကထွက်ရှိလာတဲံ ရေနွေးငွေ့၊ ရေပူစမ်းအစရှိတဲ့ စွမ်းအင် (Geothermal Energy) တို့ဖြစ်ကြပါတယ်။ ဒီစွမ်းအင်ကတော့ နည်းပညာနားလည်ပြီး စနစ်တကျသုံးတတ်ရင် သုံးမကုန်တဲ့ သဘာဝသယံဇာတတွေလို့ ပြောလို့ရပါတယ်။
နေရောင်ခြည်စွမ်းအင်ကို Photovoltaic cells တွေမှာ store လုပ်ထားပြီး လျှပ်စစ်စွမ်းအားအဖြစ် ထုတ်လုပ်သုံးစွဲနိုင်ပါတယ်။ ကမ္ဘာတည်သရွေ့ သုံးမကုန်တဲ့ နေရာင်ခြည်စွမ်းအင်ပါပဲ။
လေစွမ်းအင်ကိုတော့ လေရဟတ်တွေ၊ ဒလက်တွေသုံးပြီး လျှပ်စစ်ထုတ်နိုင်တဲ့ တာဘိုင် (wind turbine or generator) ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ လှေတွေရွက်တိုက်မောင်းတာလဲ လေစွမ်းအင်ကို အသုံးပြုတာပါပဲ။
ရေအားလျှပ်စစ်ဆိုတာလည်း လောပီတတို့၊ ကင်းတာဆည်တို့ကနေ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ တာဘိုင် (turbine) တွေကို လည်စေပြိး လျှပ်စစ်ဓာတ်အားထုတ်ပေးနေတာကို မြန်မာတိုင်းသိနေကြမှာပါ။
ဒီရေစွမ်းအင်ဆိုတာလည်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ဒီရေအတက်အကျရှိလို့ ဒီရေတက်တဲ့အခါ ရေလှောင်ပြီး လျှပ်စစ်တာဘိုင်ကို ရေအားနဲ့လည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်သုံးတာပါပဲ။
မြေကြီးထဲကထွက်လာတဲ့ ရေနွေးငွေ့၊ ရေပူစမ်းတွေ (Geothermal Energy in the form of steam) ဟာလဲ မကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်မျိုးပါပဲ။ မီးတောင်တွေနဲ့ နီးတဲ့ဒေသတွေမှာ မြေကြီးထဲကနေ ရေနွေးငွေ့ (steam) ဆိုတာထွက်နေလို့ လျှပ်စစ်တာဘိုင်တွေကိုလည်ပတ်စေပြီး၊ လျှပ်စစ်စွမ်းအင်ထုတ်လို့ရပါတယ်။ ရေပူစမ်းဆိုတာ မြန်မာနိုင်ငံဒေသတော်တော်များများမှာ တွေ့ရှိပါတယ်။ အဲဒီရေပူစမ်းကနေ ရေအားလျှပ်စစ်ထုတ်တယ်လို့ မကြားရသေးပေမယ့် ၄င်းရေပူစမ်းထဲမှာ အနာရောဂါပျောက်စေတဲ့ ဆေးဖက်ဝင် ဓာတ်သတ္ထုတွေပါလို့ ရေပူစမ်းမှာ ရေချိုးရင် ရောဂါပျောက်တယ်၊ အညောင်းအညာပြေတယ်လို့ ယုံကြည်ကြပါတယ်။ ဂျပန်နိုင်ငံမှာဆို ရေပူစမ်းရှိတဲ့နေရာတိုင်းမှာ ရေချိုးခြင်း၊ ရေစမ်းခြင်းဖြင့် တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေတာကို ကုစားနိုင်တဲ့၊ အညောင်းအညာပြေတဲ့လုပ်ရပ်ဆိုပြီး ကလေး၊ လူကြီး အပန်းဖြေ အနားယူတတ်ကြပါတယ်။
ဒုတိယအမျိုးအစားဖြစ်တဲ့ သုံးလို့ကုန်သွားနိုင်တဲ့၊ ကုန်ခန်းသွားနိုင်တဲ့ (Non Renewable Resource) သယံဇာတဆိုတာကတော့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ စိန်၊ ကျောက်စတဲ့ တွင်းထွက်ပစ္စည်းတွေပါပဲ။ အဲဒီလိုကုန်ခန်းနိုင်တဲ့ သဘာဝသယံဇာတတွေကို အထူးသတိပြုပြီး စနစ်တကျသုံးစွဲတတ်ပါမှ နိုင်ငံနဲ့ ပြည်သူလူထုအတွက် တာရှည်အကျိုးခံစားရပါမယ်။ တစ်ချိန်က အာရှတိုက် အရှေ့အလယ်ပိုင်းဒေသ (Middle East) နိုင်ငံတွေဟာ သံကန္တာရတွေထဲမှာ သိုး၊ ဆိတ်၊ ကုလားအုတ်တွေမွေး စားကျက်အလိုက် ရွေ့ပြောင်းနေထိုင်ကြရပြီး အလွန်ဆင်းရဲမွဲတေခဲ့ကြပါတယ်။
အခုဆို သူတို့ မြေကြီးအောက်မှာ ရေနံတွေထွက်တော့ ချမ်းသာလာကြတယ်။ သူတို့နိုင်ငံမှာ အုပ်ချုပ်တဲ့ အာရပ်စော်ဘွားတွေကလည်း သူတို့တိုင်းရင်သားတွေ အဓွန့်ရှည်စွာ ချမ်းချမ်းသာသာနေနိုင်အောင် ရေနံတေါကို ထိန်းထိန်းသိမ်းသိမ်းနဲထုတ်၊ ရေနံကရတဲ့ငွေတွေနဲ့ လမ်းတံတားတွေ၊ တိုက်တာအိမ်တွေဆောက်၊ နိုင်ငံခြားခရီသွားလုပ်ငန်းတွေဖန်တီး၊ ခေတ်မီနည်းပညာသင်ပေးပြီးတော့ ရင်းနှီးတော့ သူတို့ပြည်သူတွေရဲ့ နောင်ရေးလည်း စိတ်ချရတာပေါ့။ အလွန်မှ အမြော်အမြင်ရှိကြပါတယ်။
တတိယအမျိုးအစားဖြစ်တဲ့ အစားထိုးလို့ရတဲ့သယံဇာတ (Renewable Resource) ဆိုတာကတော့ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ဒါတွေကတော့ သစ်တောသစ်ပင်၊ ကောက်ပဲသီးနှံတွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ဆိတ်၊ သိုးတွေ၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ခရု၊ ကမာ၊ ရေညှိ၊ ရေမှော်၊ လိပ်၊ လင်းပိုင်၊ မိကျောင်း၊ ရေ၀က်တဲ့ အစားထိုးလို့ရတဲ့ သယံဇာတတွေပါပဲ။ အစားထိုးလို့ရတာပဲဆိုပြီး အရမ်းကာရော ထုတ်လုပ်သုံးစွဲရောင်းချရင်လဲ အရေအတွက်ရော အရည်အသွေးပါ လျှော့ပါးလာပြီး တချို့သော အပင်မျိုး၊ အကောင်မျိုးတွေဆိုရင် မျိုးတုံးကုန်ကြတယ်။ ဥပမာ - ကမ္ဘာမြေပေါ်မှာ ကျားမျိုးစိတ်ပေါင်း (၈) မျိုးရှိရာကနေ အခုဆိုရင် (၅)မျိုးပဲကျန်တော့တယ်။ ကျန် (၅) မျိုးဟာလည်း မျိုးတုံးတော့မယ့်အန္တရာယ်တွေ ရှိနေပါတယ်။ ဆရာတို့ငယ်ငယ်က (၁၉၅၇-၅၈)လောက်က မြန်မာပြည်မှာ ကျားအကောင်ရေ (၃၀၀၀) ထက်မနည်းရှိရာကနေ အခုဆို အကောင်ရေ (၁၀၀)လောက်ပဲ ကျန်တော့တယ်၊ ကြံ့မျိုးတွေလည်း တုံးသလောက်ရှိသွားပြီး တောဆင်ရိုင်းတွေတောင် အခုဆို အကောင် ၄၀၀၀-၅၀၀၀ ပဲရှိတော့တယ်။ သစ်တောတွေလည်း စနစ်တကျထုတ်ရင် အထွက်နှုန်းတွေကျ၊ ပမာဏ (Yield Capacity) ထက်ပိုထုတ်ရင် အထွက်နှုန်းတွေကျ။ တချို့အဖိုးတန်သစ်မျိုးဖြစ်တဲ့ သစ်မွှေးတို့ အကျော်တို့ဆိုရင် သဘာဝတောတွေထဲမှာ မရှိသလောက်ရှားသွားကြပါပြီ။
ငါး၊ ပုဇွန်၊ ဂဏန်း၊ လိပ်၊ မိကျောင်း၊ ရေ၀က်၊ လင်းပိုင်၊ ဝေလငါး၊ ငါးမန်း စတဲ့ ရေထွက်ပစ္စည်းတွေဟာလည်း ထွက်ရှိနိုင်မှု အင်အားကိုတွက်ပြီး ထုတ်ယူသုံးစွဲတတ်ပါမှ ကြရှည်သုံးစွဲနိုင်မှာပါ။ ဒီရေထွက် သတ္တ၀ါတွေဟာလဲ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ဒီရေတော၊ ပင်လယ်မြက်ခင်း၊ သန္တာကျောက်တန်းစတဲ့ ဂေဟစနစ်တွေနဲ့ ဆက်သွယ်မှီခိုနေရတော့ ဂေဟစနစ်တစ်ခုပျက်စီးသွားရင် ဆက်နွယ်နေတဲ့ ရေသတ္တ၀ါတွေ၊ ပင်လယ်မြက်ခင်းတွေ၊ သန္တာကျောက်တန်းတွေလည်း ပျက်စီးပြုန်းးတီးနိုင်ပါတယ်။ ဒီရေတောတွေက ကြွေကျတဲ သစ်ရွက်၊ သစ်သီးတွေဟာ ငါး၊ ပုဇွန်၊ ဂဏန်းတွေရဲ့ အဟာရ၊ ၄င်းတို့မှီခိုရာ၊ မိတ်လိုက်ရာ၊ ပေါက်ပွားရာဒေသဖြစ်လို့ ဒီရေတောတွေပျက်ပြုန်းသွားရင် ရေထွက်ပစ္စည်းတွေ လျော့ပါးလာ၊ ရှားပါးလာတတ်ပါတယ်။ ဒီရေတောတွေဟာ ရေသတ္တ၀ါတို့ရဲ့ မှီခိုရာ၊ ပေါက်ပွားကြီးထွားရာ ဒေသဖြစ်ရုံမကပါဘူး၊ ဒီကမ်းရိုးတန်းဒေသတော့တွေဟာ ပင်လယ်လှိုင်း၊ လေမုန်းတိုင်း၊ ဆူနာမိစတဲ့ သဘာဝအန္တရာယ်တွေကိုလည်း အကာကွယ်ပေးခြင်း၊ မြစ်ချောင်း ပင်လယ်ဒေသတွေအား ကမ်းပြိုတိုက်စားခြင်းမဖြစ်စေရန် ထိန်းသိမ်းပေးခြင်း၊ လေထုထဲရေထုမှ CO2 နဲ့ အဆိပ်အတောက် အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင်လုပ်ပေးခြင်း၊ မြစ်များကနုံးဖို့တဲ့ မြေတွေကိုလည်း စုစည်းထိန်းပေးခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတော့ အစားထိုးလို့ရတဲ့ သယံဇာတတွေကိုလည်း အမြော်အမြင်ရှိစွာနဲ့ အဓွန့်ရှည်စွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ကြောင်း ရေးသားလိုက်ရပါတယ်။
ဦးအုန်း၊ ညွှန်ကြားရေးမှူး (ငြိမ်း)
သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ။
(အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၇ မှ ကူးယူဖော်ပြပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment