Monday, April 21, 2008

Everyday is Earth Day


ဧပြီလ ၂၂ရက်နေ့ဟာ Earth Day ပါ။ ကမ္ဘာမြေနေ့လို့ တိုက်ရိုက်ဘာသာပြန်ရမလား မသိပါဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့ အရေးများစွာအတွက် ကမ္ဘာမြေနေ့ကို ကမ္ဘာ့နိုင်ငံ အများအပြားမှာ ပုံစံမျိုးစုံနဲ့ ကျင်းပကြမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ချစ်သောကမ္ဘာမြေကို ကယ်တင်ဖို့ရာ ပထမဦးစွာ နေထိုင်ရာ ကမ္ဘာမြေရဲ့ တန်ဖိုးတွေ အလှအပတွေကို ခံစား သိရှိနိုင်ဖို့ လိုပါတယ်။

ဒီ့နောက်မှာတော့ မိမိတို့ ရဲ့ နေ့စဉ် နေထိုင်လှုပ်ရှားမှုတွေ ဟာ ကမ္ဘာမြေကြီးအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတာလည်း သိဖို့ လိုအပ်ပါတယ်။

အကျိုးသက်ရောက်မှုတွေကို သိလာပြီဆိုရင် ကမ္ဘာမြေအတွက် မိမိတို့ကိုယ်တိုင် တတ်အား သရွေ့ လုပ်နိုင်သမျှ တွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။




ဒါနဲ့ပါတ်သက်လို့ အောက်ဖော်ပြပါ ဗီဒီယိုလေးထဲက ကျောင်းသူကျောင်းသားလေးများရဲ့ ပညာပေး အစီအစဉ်လေးကို စာဖတ်သူများနဲ့ မျှဝေချင်ပါတယ်။ ကလေးအရွယ် ကျောင်းသားကျောင်းသူလေးတွေ ဖြစ်ပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်လို့ တတ်အားသရွေ့ ပါဝင်နေကြတဲ့ ဒီကလေးတွေရဲ့ ပညာပေး အစီအစဉ်လေးဟာ လိုရင်း တိုရှင်းလေးပါ။ သင်တို့တွေ ကမ္ဘာမြေအတွက် အနည်းဆုံး ဘာတွေ လုပ်နေလဲ ဆိုတာကို သတိပေးလိုက်သလိုပါပဲ။ ကျွန်မတို့ အားလုံးလည်း မိမိတို့ တတ်အားသရွေ့ လုပ်နိုင်သမျှလေးတွေက စလုပ်ရင်း ကမ္ဘာမြေကို ကယ်တင်ကြပါစို့လားနော်။


သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဖြစ်ဖို့…



ကျွန်မတို့ လူသားအားလုံးဟာ ကျွန်မတို့မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာလောကကြီးကို ချစ်ကြမှာပါ။ ဒါဟာ အငြင်းပွားစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ချစ်တဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတု တွေပြောင်းလဲအောင် ရေမြေတောတောင်တွေ အကျည်းတန်အောင် လူသားတွေကပဲလုပ်နေကြတတယ်ဆိုတဲ့ အချက်ကိုတော့ မမေ့ထားသင့်ပါဘူး။

ကမ္ဘာကြီး အရင်အတိုင်းလှပနေစေဖို့ ကျွန်မတို့ဘာတွေ စွမ်းဆောင်နိုင်တဲ့လဲ။ တကယ်တော့ လူတစ်ဦး တစ်ယောက်စီတိုင်းဟာ ကိုယ်တတ်နိုင်တဲ့နေရာကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်သွားဖို့ပဲလိုအပ်ပါတယ်။ သိပ်မကြာသေးမီကပဲ မြန်မာနိုင်ငံအလယ်ပိုင်းကို ကျွန်မအလည်အပတ် ရောက်ရှိခဲပါတယ်။ အဲဒီလိုရောက်တိုင်း ကျွန်မသွားလေ့ရှိတာက ဦးပိန်တံတားနဲ့ တောင်သမန်အင်းပါ။ စိမ်းလဲ့နေတဲ့ တောင်သမန်အင်းရဲ့ အလှအပ၊ စိမ်းညို့နေတဲ့ မယ်ဇယ်ပင်တွေရဲ့ အလှအပကို ငေးမောရင် အကြော်စားရတဲ့ အရသာက မမေ့နိုင်စရာပါ။

ဒီတစ်ခေါက်မှာတော့ မယ်ဇယ်ပင်တန်းတစ်လျှောက် လမ်းလျှောက်ဖို့ စိတ်ကူးရမိပါတယ်။ ကျွန်မရဲ့ ကြည်နူးနေတဲ့စိတ်တွေဟာ တစ်နေရာအရောက်မှာတော့ နောက်ကျိသွားပါတယ်။ လမ်းဘေးမှာတွေ့နေရတဲ့ များပြားလှတဲ့ ကြွပ်ကြွပ်အိတ်ပုံတွေကို ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒီလောက်များပြားတဲ့ ကြွပ်ကြွပ်အိတ်တွေကို ဘယ်သူတွေကများ လာရောက် စွန့်ပစ်ထားခဲ့ကြတာပါလိမ့်။ တစ်ရက်၊ နှစ်ရက်ကနေ တစ်လ၊နှစ်လ၊ တစ်နှစ်၊ နှစ်နှစ် ဖြစ်လာတဲ့အခါ ကြွပ်ကြွပ်အိတ်တွေဟာ သဘာဝပတ်ဝန်ကျင်ကို အန္တရာယ်ပြုလာမှာပဲပေါ့။ ကြွပ်ကြွပ်အိတ်တွေဟာ Recycle ပြန်လုပ်လို့မရတော့ ပမာဏက ပိုများလာမှာပါပဲ။

တကယ်လို့သာ ကြွပ်ကြွပ်အိတ်မဟုတ်တဲ့ အခြားပစ္စည်းတွေ အသုံပြုရင် အလွယ်တကူ Recycle လုပ်လို့ရမှာပါပဲ။ အဲလိုမဟုတ်ခဲ့ရင် ကြွပ်ကြွပ်အိတ်တွေကို စနစ်တကျမြေမြှုပ်ပစ်ခဲ့မယ်ဆိုရင်လည်း အရုပ်ဆိုး အကျည်းတန်တဲ့မြင်ကွင်းကို တွေ့မြင်ရမှာမဟုတ်ဘူး။ လှပသာယာတဲ့ နေရာတစ်ခုနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ကြွပ်ကြွပ်အိတ်တွေကို အခုလို စွန့်ပစ်ထားတာဟာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးကို နားမလည်ကြလို့ပါဘဲ။ ဒီအိတ်တွေကို တစ်နေရာမှာတော့ မီးရှို့နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကြွပ်ကြွပ်အိတ်တွေကို မီးရှို့တာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

ကြွပ်ကြွပ်အိတ်ပြဿနာတင် မကပါဘူး။ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေကြတာလည်း ကျွန်မတို့ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုတစ်ခုပါ။ အမှိုက်ပုံးတွေရှိနေပါလျက်၊ အမှိုက်ကန်တွေ ရှိနေပါလျက်နဲ့ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေရပါတယ်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေ့ရပါတယ်။ ရေမြောင်းတွေ ရေစီရေလာကောင်းမွန်နေမှသာ သူ့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ သူ့တို့ ရေစီးရေလာကောင်းနေမှ ရေကြီး၊ ရေလျှံတာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ကြခြင်းရဲ့ နောက်ဆက်တွဲရလဒ်ကို ကျွန်မတို့ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ရန်ကုန်မှာတစ်ခါမှ မဖြစ်ဖူးတဲ့ ရေကြီးရေလျှံမှုမှာ ရေမြောင်းတွေထဲအမှိုက်တွေ ပိတ်ဆို့နေတာကလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ရေနုတ်မြောင်းတွေ ဘယ်လောက်ပဲဆယ်ဆယ် အမှိုက်တွေ ထပ်ပစ်ချနေရင်တော့ အရာရောက်မှာမဟုတ်ပါဘူး။ လူတွေရှိနေသမျှ အမှိုက်တွေရှိနေကြမှာပါပဲ။ ဒါပေမယ့် `ကိုယ့်အသိစိတ်ဓာတ်´ ရှိရှိနဲ့ စနစ်တကျ စွန်ပစ်သွားမယ်ဆိုရင် သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။

အမှိုက်လို့ ဆိုရာမှာလည်း Recycle လုပ်လို့ရတဲ့အမှိုက်တွေ ရှိပါတယ်။ စက္ကူလို အမှိုက်၊ ကော်နဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေဟာ Recycle လုပ်နိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အမှိုက်ထွက်နှုန်းနည်းသွားအောင် ကျွန်မတို့ပြုလုပ်နိုင်ပါလိမ့်မယ်။ စက္ကူကို တစ်ဖက်ထဲရေးတာထက်၊ နှစ်ဖက်ရေးတာ၊ မလိုအပ်ဘဲနဲ့ စာရွက်တွေကို အများမသုံးတာမျိုးပေါ့။ ဓာတ်ခဲတွေဆိုရင်လည်း တစ်ခါသုံးဓာတ်ခဲမသုံးဘဲနဲ့ Charging ပြန်သွင်းလို့ရတဲ့ ဓာတ်ခဲသုံးသင့်ပါတယ်။

ဘောပင်တွေကို တစ်ခါသုံးဘောပင် အသုံးမပြုဘဲနဲ့ Refill ပြန်ထည့်လို့ရတဲ့ ဘောပင်တွေကို အသုံးပြုတာကလည်း သင့်တော်ပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် ဘောပင်ကိုယ်ထည်ကို လွင့်ပစ်စရာမလိုဘဲနဲ့ ဆက်အသုံးပြုနိုင်သလို ငွေကြေးအကုန်အကျလည်း သက်သာပါတယ်။ ကျွန်မဆီမှာ Montex တံဆိပ် ဘောပင်တစ်ချောင်းရှိပါတယ်။ သူက non-dry ink အမျိုးအစားပါ။ အထဲက မင်ချောင်း မင်ကုန်သွားတဲ့အခါ အရွယ်အစားတူ၊ အရောင်တူတဲ့ Refill ၀ယ်ထည့်ပါတယ်။ ရေးရတာ အဆင်ပြေသလို Refill တစ်ခုကို ၄၀ကျပ်ပဲပေးရတဲ့အတွက် အလွန်ဈေးသက်သာပါတယ်။


စာရွက်တွေကို မလိုအပ်ပဲ အများကြီးသုံးမယ့်အစား ကျွန်မက ဖြတ်စသေးသေးတွေ ဒါမှမဟုတ် မှတ်စုစာရွက်သေးသေးလေးတွေကိုပဲ သုံးပါတယ်။ မှတ်သားစရာရှိတဲ့ အချက်အလက်တွေကို အဲဒီစာရွက်တွေမှာပဲ ရေးလိုက်ခြင်းအားဖြင့် စက္ကူချွေတာရာရောက်ပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ခေတ်မီလူ့အသုံးအဆောင်တွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအသုံးအဆောင်တွေကနေပဲ သဘာဝ ပတ်ဝန်ကျင်ကို ပျက်စီမှုတွေ ဖြစ်ပေါ်စေတာကိုတော့ ကျွန်မတို့ သတိပြုသင့်ပါတယ်။`ဖန်လုံအိမ် အာနိသင်´ ဆိုတဲ့စကားလုံးကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာသံကိုလည်း ကြားရပါတယ်။ မလိုအပ်ဘဲနဲ့ စက်ကိရိယာတွေ၊ ဇိမ်ခံပစ္စည်းတွေကို အသုံးပြုခြင်းကနေ ထွက်ရှိလာတဲ့ ကာဗွန်တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိုများလာနေပါပြီ။ ကျွန်မမှာ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ဆံပင်ခြောက်ခံကိရိယာ၊ လေအေးပေးစက် စတဲ့ ပစ္စည်း ဘာဆိုဘာမှ မရှိပါဘူး။ လတ်လတ်ဆတ်ဆတ် အသီးအနှံနဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားတဲ့အတွက် ရေခဲသေတ္တာမလိုပါဘူး။ သောက်ရေအိုးထဲက ရေဟာ ရေခဲသေတ္တာထဲက ရေထက်ပိုပြီး သဘာဝကျကျ အေးမြပါတယ်။

ဒီနေ့အချိန်မှာ ခြင်ဆေးအခွေတွေလည်း တံဆိပ်အမျိုးမျိုးနဲ့ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ခြင်ဆေးတွေဟာတကယ်ရော ခြင်ကို နှိမ်နင်းနိုင်သလားဆိုတာ မေးခွန်းထုတ်စရာပါ။ ခြင်ဆေးခွေထွန်းရာက ထွက်ပေါ်လာတဲ့ အနံ့တွေကလည် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒီကြားထဲကမှ ထူးထူးခြားခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေထားထုတ်လုပ်တဲ့ ခြင်ဆေးခွေတစ်မျိုးကိုတွေ့ရပါတယ်။ “Fuji” နနွင်တက် ခြင်ဆေးခွေပါ။ တခြားခြင်ဆေးခွေတွေလို အနံ့လည်းမပြင်းတဲ့အတွက် ဈေးလည်းသက်သာတဲ့အတွက် ကျွန်မ ၀ယ်သုံးဖြစ်ပါတယ်။

ကျွန်မတို့ဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာနေပြီးလို့ ညည်းညူနေမယ်အစား ဘယ်လိုနည်းလမ်းတွေက အဆင်ပြေစေမလဲဆိုတာ စဉ်းစားဖို့ လိုနေပါတယ်။ ငယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင်လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ မြင်ပါတယ်။ Environmental Studies ကို အလယ်တန်းလောက်ကစပြီး ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနိုင်ခဲ့ရင် နောင်လာမယ် အနာဂတ်အတွက် အများကြီး အထောက်အကူရနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုဆိုရင် လူငယ်တွေဟာ သစ်တောတွေကို ချစ်တတ်လာမယ်၊ မြစ်တွေ၊ ပင်လယ်တွေကို သူ့သဘာဝအတိုင်း လှပစေလိုမယ်၊ လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုကို တစ်ထောင့် တစ်နေရာက ကာကွယ်ပေးလိုစိတ်တွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကြွပ်ကြွပ်အိတ်တွေနေရာမှာ Recycle လုပ်လို့ ရတဲ့ စက္ကူအိတ်တွေသုံးမယ်။ ဒါမှမဟုတ် ရိုးရာဆန်တဲ့ဖက်ရွက်တွေကိုပဲသုံးမယ်ဆိုရင် ကြွပ်ကြွပ်အိတ်ပြဿနာကို အနည်းနဲ့ အများတော့ ဖြေရှင်းနိုင်လိမ့်မည်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ချဖို့ ကြံလိုက်တိုင်း ရေကြီးရေလျှံမှုကို ဖိတ်ခေါ်သလို ဖြစ်မလားဆိုတဲ့ အသိလေးတစ်ချက်ဝင်လိုက်တယ်ဆိုရင် အဲလိုလုပ်ဖို့ ၀န်လေးသွားပါလိမ့်မယ်။ မိမိနဲ့ ရင်နှီးသူတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းမှုရဲ့ အရေးကြီးပုံကို နားလည်ထားသလောက် ပြောပြသင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖိုအတွက် တစ်တပ်တစ်အားပါဝင်မယ်လို့ စိတ်ကူးထားရင် ဒီနေ့ကစပြီးလုပ်ဆောင်လိုက်ပါ။ အနည်းဆုံးတော့ မိမိနေထိုင်ရာ ပတ်ဝန်ကျင်တစ်ဝိုက်ကို ထိန်းသိမ်းပြီးသား ဖြစ်မှာပါ။ ကျေးငှက်လေးတွေရဲ့ တေးသီသံကြားရတဲ့ စိမ်းညို့တဲ့သစ်ပင်တွေကို ရှုမောမဆုံး တွေ့မြင်ရတဲ့၊ ရှင်းသန့်တဲ့ မိုးကောင်းကင်ကို တွေ့မြင်ရတဲ့ ကမ္ဘာမြေရဲ့ ရက်စွဲတွေကို ဖန်တီးဖို့ အချိန်တွေ သိပ်နောက်မကျသေးဘူးထင်ပါရဲ့။

သွေး (စစ်ကိုင်း)

အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း အတွဲ ၂၊ အမှတ် (၅)၊ မတ်လ၊ ၂၀၀၈ မှ ဆောင်းပါးရှင် သွေး (စစ်ကိုင်း) ရဲ့ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Sunday, March 30, 2008

Earth Hour

ခုတလော ဒီစိမ်းလန်း ဘလော့လေးမှာ ရေးချင်တာလေးတွေ စိတ်ထဲမှာ ရှိပေမယ့် အခွင့်မသာလို့ မရေးဖြစ် ဖြစ်နေတာကို ခွင့်လွှတ်ကြစေချင်ပါတယ်။ မနေ့ကလည်း Earth Hour အတွက် ပို့စ်အသစ်တင်ချင်ပေမယ့် အချိန်မီ မတင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Earth Hour အကြောင်းလေးကို တင်ဖြစ်အောင် တင်ဖြစ်ချင်တာမို့ ဒီပို့စ်လေးကို ကြိုးစားရေးလိုက်ပါတယ်။

ဒီ Earth Hour ဆိုတာလေး စတင်ခဲ့ပုံကတော့ ဒီလိုပါ။ ကမ္ဘာမြေပူနွေးလာမှုအပေါ် လူတွေ စိတ်ပါဝင်စား တက်ကြွစွာ ပါဝင်လှုပ်ရှားလာအောင် ဘယ်ပုံဘယ်နည်းနဲ့ စည်းရုံးကြမလဲဆိုတဲ့ မေးခွန်းလေးနဲ့ စခဲ့တာပါ။ ဒီမေးခွန်းအတွက် အဖြေအနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့သူမြို့သားများကို သူတို့ဆီက မီးတွေ တစ်နာရီ တိတိ ပိတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာ လူပေါင်း ၂.၂သန်းနဲ့ လုပ်ငန်းပေါင်း ၂၁၀၀တို့ဟာ ၁၉၉၇ခုနှစ် မတ်လ ၃၁ရက်နေ့မှာ တစ်နာရီတိတိ Earth Hour အဖြစ် သတ်မှတ်ပြီး သူတို့ သုံးစွဲနေတဲ့ မီးတွေကို ပိတ်ထားခဲ့ကြပါတယ်။ ဒါကို ကမ္ဘာပေါ်က တခြား နိုင်ငံများ မြို့ကြီးများကလည်း အတုယူပြီး Earth Hour ကို ကမ္ဘာ့လှုပ်ရှားမှု အနေနဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြပါပြီ။

၂၀၀၈ခုနှစ်မှာလည်း မတ်လ ၂၉ရက်နေ့မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက မြို့ကြီးများက မီးများကို တစ်နာရီတိတိ ပိတ်ပြီး Earth Hour ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။



တကယ်တော့ Earth Hour အဖြစ် မတ်လ ၂၉ရက်နေ့မှသာ မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း တစ်နေ့တစ်နာရီ အနည်းဆုံးထားလို့ မလိုအပ်တဲ့ မီးတွေကို ပိတ်ပစ်ရင်ဖြင့် နေ့တိုင်းဟာ Earth Hour ဖြစ်နေမှာပါပဲ။ လူတစ်ယောက်တည်း တစ်နာရီ စွမ်းအင်တွေ ချွေတာသုံးသလို ကျွန်မတို့ အားလုံးကသာ စွမ်းအင် ချွေတာသုံးစွဲတာကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ကြီးမားပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့ရဲ့ နေ့တိုင်းနေ့တိုင်းမှာ Earth Hour အဖြစ် တစ်နာရီလောက်ကလေးပဲ ဖြစ်ဖြစ် သတ်မှတ်ပြီး စွမ်းအင်ချွေတာခြင်းတွေ ကျင့်သုံးကြပါစို့လား။

Earth Hour website - http://www.earthhour.org/

Wednesday, March 12, 2008

ပုံမှန်ပိုင်ဆိုင်ခွင့် ..။

ချစ်သူက ..
စိမ်းဖန့်ဖန့် သစ်ရွက်တွေကြားက ..
ဖြူလွှလွှ တရုပ်စကားပန်းလေးတွေကို မြတ်နိုးသတဲ့ ..။
ကျနော့်ရဲ့ ဖြူစင်သင်းပျံ့တဲ့ ချစ်ခြင်းတွေနဲ့
ထပ်တူညီနေလို့တဲ့ဗျာ ..။

ချစ်သူက ..
မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်သန်းလာတဲ့ ..
မွှေးမြမြ လေညင်းသန့်သန့်တွေကို တန်ဖိုးထားသတဲ့ ..။
ကျနော့်ကိုယ်ရနံ့လေးကို မှတ်မိစေဖို့
ယူဆောင်ပေးတတ်လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြတင်းတံခါးဝနားက သစ်ကိုင်းဖျားမှာ လာနားနေကြ ငှက်ငယ်တွေရဲ့ ..
ကျီကျီကြာကြာ အော်မြည်သံတွေက .. သူ့ကို ပီတိ ဖြစ်စေသတဲ့ ..။
ကျနော်ဆိုပြတတ်တဲ့ သံစဉ်သီချင်းတွေလိုပဲ ..
ချိုမြ အေးချမ်းခြင်းတွေကို ခံစားရလို့တဲ့ဗျာ ..။
ချစ်သူက ..
ကြည်ကြည်လင်လင်နဲ့ တသွင်သွင် စီးဆင်းနေတဲ့ ..
ဧရာဝတီအပါအ၀င် မြစ်ချောင်းတွေကို တန်ဖိုးထားသတဲ့ ..။
ဒီမြစ်ချောင်းတွေက ရေအလျဉ်တွေလိုပဲ
ကျနော့်အချစ်တွေ ထာဝရ စီးဆင်းနေမှာမို့လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြာလွင့်လွင့် ကောင်းကင်ကျယ်ကြီးဟာ သူ့ဘ၀ပါတဲ့ ..။
ဒီတမိုးအောက်မှာ ကျနော်နဲ့အတူတူ ရှိနေရလို့တဲ့ဗျာ ..။
ချစ်သူက ..
လက်ညိုးထိုးမလွဲတဲ့ စိမ်းရောင်စို တောအုပ်တွေကို
တစိမ့်စိမ့်တွေးပြီး ကြည်နူးတတ်သတဲ့ ..။
ကျနော်တို့ နှစ်ယောက်ရဲ့ဘ၀လိုပဲ .. တွေးမထင်ထားတဲ့
လျှို့ဝှက်ချက်တွေ ပိုင်ဆိုင်ကြလို့တဲ့ဗျာ ..။
ချစ်သူက ..
ဟိုး .. အဝေးဆီမှာ မြင်နေရတဲ့ ..
မှိုင်းညို့ညို့ တောင်တန်းတွေကို နှစ်သက်သတဲ့ ..။
ကျနော့်ကို လွမ်းတိုင်း တောင်တန်းတွေကို ..
သက်သေပြု တိုင်တည်နေကြမို့လို့တဲ့ဗျာ ..။

ကျနော်တို့နှစ်ယောက်ရဲ့ နှောင်ကြိုးတွေ ..
ကမ္ဘာ .. တည် .. သ .. ရွေ့ .. ရွေ့ .. ရွေ့ ..
ရွေ့ ...
..
.
ဟေ့ရောင်ရာ .. ကဗျာရွတ်တာတွေ ရပ်ပါတော့ ..
မင်းအိမ်နားက တရုပ်စကားပင်ကြီးလည်း အခုတ်ခံလိုက်ရပေါ့ ..
ငှက်တွေလည်း အဝေး ပျံကုန်ကြပြီလေကွာ ..
မြက်ခင်းတွေ မစိမ်းနိုင်တာ
လည်းကြာပေါ့ .. ငါ့ကောင်ရာ ..
ကားကျပ်ကျပ်နဲ့ ဖုန်တထောင်းထောင်းမှာ
ကျင်လည်နေရတဲ့ ငါတို့ဘ၀ကွာ ...
... လေသန့်သန့်ဆိုတာ ...
ကောင်းကင်ကြီး ပြာတာတောင် တော်တော်ရှားနေတဲ့ အဖြစ် ..
ဘ၀မှာ မထင်တာတွေ များတာတော့ သေချာတယ်..
တောအုပ်ကြီးတွေကိုယ်တိုင် ပေးဆပ်ပြီး သက်သေပြနေတယ်လေကွာ ..
ညိုမှိုင်းမှိုင်းတောင်တန်းတွေတောင် အညိုနုရောင် ပြောင်းကုန်ကြပြီ ..
မြစ်ချောင်းတွေလည်း မကြည်မလင်နဲ့ ..
... တသွင်သွင်ဆိုတာ ဝေလာဝေးပေါ့ကွာ ...
ဒါပေမယ့် .. မင်းအိပ်မက်တွေ ဆက်မက်နိုင်ပါတယ် ..
ကောင်းကင်ကြီးအောက်မှာ .. ကမ္ဘာမြေကြီးတနေရာမှာ ..
ပုံမှန်အခြေအနေတွေ ပိုင်ဆိုင်နိုင်ခွင့်အတွက် ..
အလင်းအိပ်မက်တွေ .. ဖြစ်စေကွာ ..။

... 99 ...

Saturday, March 8, 2008

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

ညီမလေး ဆုဝေက စိမ်းလန်းဘလော့မှာ ပြန်လည်မျှဝေဖို့ ပို့ပေးလိုက်တဲ့ ဆရာမ ခင်မြဇင် ချင်းတွင်း မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

နေရောင်က ကြဲကြဲတောက် ပူလောင်လှသည်။ တစ်ဖက်ကမ်းမှ စက်များ၏မြည်သံက မိုးခြုန်းသံကြီးများသဖွယ် တဂျုန်းဂျုန်း တဂြိမ်းဂြိမ်း ဆူညံလျက် တစ်စက္ကန့်မှ ပြတ်လပ်မသွား။
မရပ်မနား ဒလစပ် မြည်နေ၊ ဟီးနေလိုက်ပုံက အာရုံကြောတို့ကို ထိခိုက်အောင်ပင် ပူသည့် နေရောင်ကြောင့် ဆူဝေေ၀ဖြစ်နေသော ဦးနှောက်ကို နားမခံသာစရာ အသံဗလံတို့က နှောင့်ယှက်လိုက်ပြန်သဖြင့် အမလေးတပြီး ထွက်ပြေးချင်စရာ ကောင်းနေခဲ့သည်။
ကဲ ကြည့်စမ်း ဒီလှေဆိပ် ရေဆင်းတံတားလေးပေါ်မှာ ရပ်နေသည်မှာ ငါးမိနစ်ပင် မပြည့်သေးပါလား။
ဂျူရိုမြစ် ( Duro River )ကို လေ့လာဖို့ ခေါ်လာသည့် အဖွဲ့မှလူတွေ ရှင်းပြသံက မကြားတစ်ချက် ကြားတစ်ချက်။
မြစ်ရေက မီးခိုးရောင် တရွေ့ရွေ့ စီးဆင်းနေသည်။
ပင်လယ်ဆီသို့ စီးဝင်သည့် မြစ်တစ်စင်းဖြစ်ပြီး ကျွန်မတို့ ရပ်နေကြသည့် နေရာမှာ ပင်လယ်ဝကို မြင်နေရသည့် နေရာလည်း ဖြစ်သည်။ ပင်လယ်ဆီက ခပ်ပြာမှိုင်းမှိုင်း၊ ခပ်လှမ်းလှမ်းတွင် လှေတစ်စင်းတစ်လေကို လှမ်းမြင်နေရသည်။
မြစ်ထဲက သဲတွေက အမဲရောင် …
မြစ်သည် အမှုန်အနည်များဖြင့် သန့်ရှင်းမှုမရှိ။ လေးလံအိတွဲစွာ စီးဆင်းနေပုံကလည်း သူ၏ရှင်သန်မှုတို့ ပျက်ယွင်းခဲ့ရပုံကို ဖော်ပြနေခဲ့သည်။
တစ်ဖက်ကမ်းမှ ဒီရေရောက် တောအုပ်ကလေးဆီ ငေးကြည့်မိသည်။ ထိုနေရာမှာတော့ အရိပ်ကြောင့် စိမ်းမှောင်မှောင် …
ကိုက် ၂၀ ခန့်သာ ကျယ်ဝန်းသည့်မြစ်၏ ဟိုဖက်ကမ်း လတာပြင်ပေါ်မှာ နေရောင်တစ်ပိုင်း ကျနေသည်။
မရပ်မနားစက်သံများက ခေါင်းကိုက်အောင် ပြုလုပ်နေဆဲ၊ နားကွဲမတတ် ဆူညံနေဆဲ။ စက်သံများကို ကြားကြားချင်း ဟိုဖက်ကမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်းကြီးတစ်ခုများ ရှိသလား ထင်မှတ်ခဲ့ရသည်။ ကြောက်ခမန်းလိလိ အသံများမှာ အခြားမဟုတ်ပါ။ လွတ်လပ်သော စက်မှုဇုန်မှ သံမဏိစက်ရုံများနှင့် အခြားစက်ရုံများ၏ အော်သံမြည်သံများပါ။
ကမ်းနားမှာ ဆိုက်ကပ်ထားသည့် စက်လှေကလေးတွေက ဆေးပျက်ပြယ်၍ အိုဟောင်းနေသည့်လှေတွေ ရေစူးမှတ်သည့် ဖော့များပေါ်မှ ရောင်စုံအလံကလေးများမှာလည်း အရောင်လွင့်ပြယ်လျက်။
ကမ်းနားတွင် ခရုသေများ၏ အပုပ်နံ့ကလည်း တထောင်းထောင်း ထနေသည်။ ဆူနာမီနှင့်အတူ ပါလာသည့် ခရုများမှာ ယခုထိ ဆယ်လို့မကုန်နိုင်လို့ ပြောကြသည်။ ခရုများမှာ ဂုံးခရုနှင့် စေတီပုံ ခရုငယ်များ ဖြစ်သည်။
ဂျူရိုမြစ်သည် ကွာလာဂျူရိုခေါ် ရွာကလေးအနီးမှဖြတ်၍ ပင်လယ်ထဲသို့ စီးဆင်းသည်။ အထက် (၇)မိုင်ခန့်တွင်လည်း ရွာတစ်ရွာရှိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံ ပီနန်ကျွန်းအနီး ကျွန်းမကြီးဆီမှ တံငါရွာကလေးများသို့ လိုက်ပို့မည့် အစီအစဉ်ကို မနက်ခင်းကပင် စိတ်ဝင်တစား ရှိခဲ့သည်။
ယခုတော့ စူးရှရှနေရောင်၊ ဆူညံလွန်းသည့် အသံဗလံများနှင့် အပုပ်နံ့တထောင်းထောင်း ခရုများ။
( ၂ )
၁၉၇၈ ခုနှစ်လောက်က ဂျူရိုမြစ်ထဲမှ ငါးတွေတထောကြီး ဖမ်းမိခဲ့ကြသည်။ ငါးသေတွေလည်း မြစ်ထဲမှာ ပေါလောပေါ်လျက် မြစ်တစ်ခုလုံး ငါးတွေနှင့် ဖွေးနေကြသည်။ ထိုငါးတို့ကို တစ်ရွာလုံး ၀မ်းသာအားရ သယ်ယူခဲ့ကြသည်။ ဒိုင်သို့သွား၍ သွင်းခဲ့ကြသည်။ ဒိုင်များက ငါးများကိုကောက်ကာ မြို့ဈေးသို့ သွားသွင်းကြသည်။
အိမ်ရှင်မတွေ၊ လင်ယောက်ျားအပြန် ငါးဖိုးတွေရဖို့ မျှော်လင့်ကြသည်။ ဒိုင်တွေကလည်း မြို့ရှိဈေးကွက်သို့ ဖြန့်ပြီးမှ ပြန်ရှင်းပေးကြမည်။
မြို့ဈေးမှာလည်း ထိုနေ့အဖို့ ငါးတွေပေါမှပေါ၊ အိမ်ရှင်မတွေ ငါးဟင်းချက်ဖို့ ၀ယ်ယူသွားပြီး ငါးကိုဗိုက်ခွဲလိုက်တော့ ငါးတို့၏ခန္ဒာကိုယ်ထဲက အမည်းရောင် ဓာတုပစ္စည်း အဆိပ်ရည်များနှင့် ပုပ်အဲ့အဲ့ အနံ့များ၊ အိမ်ရှင်မတွေက ဈေးသည်တွေကို စိတ်ဆိုးကြသည်။ ဈေးသည်ကို ရန်တွေ့ပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုကြသည်။
မစားကောင်းသည့်ငါးတွေကို ညာရောင်းသဖြင့် ဒေါသဖြစ်ကြရသည်။ ထိုနေ့အဖို့ ရွာကအိမ်ရှင်မတွေလည်း လက်ချည်းဗလာ ပြန်လာခဲ့ကြသော ခင်ပွန်းတို့နှင့် ရင်ဆိုင်ရသည်။ 'ဒိုင်တွေက ပိုက်ဆံရှင်းမပေးလိုက်။
ထိုအချိန်မတိုင်မ်ီအထိ မြစ်ရေထဲမှာ ဓာတုအဆိပ်တို့ သင့်ခဲ့ပြီဖြစ်ကြောင်း တိတိပပ မသိခဲ့ကြပေ။ ထိုမှစ၍ ဂျူရိုမြစ်အတွင်း ဓာတုအဆိပ်သင့်မှု ပြဿနာသည် တစ်ကမ္ဘာလုံးသိသော ပြဿနာဖြစ်လာခဲ့ပြီး ဂျုရိုမြစ်သည် သေနေသောမြစ်တစ်စင်း ဖြစ်ခဲ့ရသည်။
ကွာလာဂျူရိုရွာကလေးမှာ တံငါရွာဆိုသော်လည်း ခယိုးခယိုင် တဲအိုများနှင့် ရွာမျိုးမဟုတ်။ အိမ်တွေက တောင့်တောင့်တင်းတင်း၊ ကားတွေ ဆိုင်ကယ်တွေနှင့် စီးပွားဖွံ့ဖြိုးခဲ့သော ရွာကလေးဖြစ်သည်။
လူဦးရေ ၇၀၀ ကျော်ရှိသည်။ ရွာ(၂)ရွာကို ဖြတ်စီးဆင်းသည့် ဂျူရိုမြစ်၏ ရေအရောင်လည်း ညစ်မွဲမွဲ ဖြစ်လာခဲ့သည်။
" ငါးတစ်ကောင်မှ မရတော့ "
မြစ်ထဲမှာ ငါးတွေမရှိတော့ပေ။
၁၉၇၈ ခုနှစ်လောက်က ဓာတုအဆိပ်သင့်မှု ပြဿနာကို အရေးယူပေးရန် ရွာသားများက ခက်ခက်ခဲခဲပင် တာ ၀န်ရှိသူများထံ တင်ပြခဲ့ရသည်။
ပီနန်မြို့ရှိ စားသုံးသူများအသင်းကလည်း ထိုပြဿနာကို စိတ်ဝင်တစား ရှိခဲ့သည်။ စားသုံးသူများအသင်းမှ ရှေ့နေများနှင့် ကျွမ်းကျင်သူများက ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ရွာသားများကို ကူညီခဲ့ကြသည်။ သက်ဆိုင်ရာက စက်ရုံများသို့ ဓာတုပစ္စည်း၊ အညစ်အကြေးများကို မြစ်ထဲသို့ တိုက်ရိုက်စွန့်မပစ်ဘဲ စစ်၍ သန့်စင်သည့်စက်များဖြင့် သန့်စင်ပြီးမှ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့တိုင် တစ်ချို့စက်ရုံများကသာ လိုက်နာခဲ့ကြသည်။ ဂျူရိုမြစ်ကမ်းဘေးတွင် သံမဏိစက်ရုံ၊ သကြားစက်ရုံ၊ ဆန်စက်ရုံနှင့် အမျိုးမျိုးအစားစားသော စက်ရုံများက ၀န်းရံနေခဲ့သည်။
သို့ဖြင့် ၂၀၀၆ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။
တံငါရွာကလေး၏ လူမှုဘ၀ပုံစံလည်း ပြောင်းလဲသွားခဲ့ရသည်။
( ၃ )
ရွာမှကလေးငယ်များမှာ ရွာအ၀င် ကစားကွင်းတွင် ပိုက်ကျော်ခြင်း ကစားနေကြသည်။ ၁၄-၅ နှစ်အရွယ် ကလေးများဖြစ်သည်။ ခြေဖြင့်ခတ်နေကြသည့် ခြင်းဝိုင်းတစ်ဝိုင်းလည်း တွေ့ရသည်။ အတန်ငယ်သည့် ကလေးတစ်ချို့က ဆီးဆောစီးကာ တစ်ချို့က ဒန်းလေးစီးကာ ဆော့ကစားနေကြသည်။
မြင့်မားသည့် ကျောက်တောင်ကြီးက ရွာကလေးကို စီးမိုးထားခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်မတိုင်မီကဆိုလျှင် ကွာလာဂျူရို ရွာကလေးသည် သဘာဝအရင်းအမြစ် ကြွယ်ဝသည့် ရွာကလေးဖြစ်ခဲ့သည်။ ကွာလာဂျူရို ရွာသားတို့ စီးပွားရေးကောင်းခဲ့ကြသည်။ ဗီယက်နမ်မှပင် သူတို့ရွာကလေး၏ ငါးဖမ်းလုပ်ငန်းကို လာလေ့လာကြရသည်ဟု ဆိုကြသည်။
ယခုတော့ မိဘများ၏ စီးပွားရေး ဘ၀အရိပ်သည် ထိုကလေးငယ်များအပေါ်သို့ ၄င်းတို့၏ ရွာကလေးအပေါ် စီးမိုးနေသည့် ကျောက်တောင်ကြီးသဖွယ် အုပ်မိုးနေပြီလားလို့ ကျွန်မ တွေးနေမိသည်။
ဂျပန်ပြည်မှာတော့ မြစ်ငါးတို့သည် ဓာတုအဆိပ်သင့်နေသဖြင့် ရေချိုငါးကို မစားကြရတော့ကြောင်း ဖတ်ရဖူးသည်။ တရုတ်ပြည်မှ ယန်စီမြစ်မှာလည်း မြစ်ကမ်းဝဲယာမှ စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်လာသဖြင့် မြို့ပေါင်း ၂၀၀ ကျော်မှာ သောက်သုံးရေရှားပါးမှု ဖြစ်လာတော့မည့်အကြောင်း ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည်။
ဖြစ်ပြီးမှ ပြုပြင်ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါလား တွေးရသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးမှုနှင့်အတူ မြို့ပြတွေ ဖွံ့ဖြိုးလာခဲ့ကြသည်။ သို့သော် မြစ်တွေ ချောင်းတွေ ထိုရေထဲက သက်ရှိတွေကိုတော့ မစဉ်းစားခဲ့မိကြပါလား။
ဂျူရိုမြစ်ထဲမှာ ပင်လယ်ဝမှာ ငါးရှာရင်း ဆားငန်လေကို ရှူရှိုက်ကာ လွတ်လပ်စွာ အသက်မွေးနိုင်ခဲ့သော တံငါသည်တို့နှင့် ယင်းတို့၏မျိုးဆက်များသည် တစ်မြို့တစ်ရွာ ပြောင်းသူပြောင်း၊ စက်မှုဇုန်ရှိ စက်ရုံများဆီသို့ အလုပ်သမား သွားလုပ်သူလုပ်၊ အသက်မွေးမှု ပုံသဏ္ဍာန် ပြောင်းလာသလို မြစ်၏ အဆိပ်သင့်မှု ပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ မစဉ်းစားနိုင်ကြတော့ပေ။ တစ်ကိုယ်စာ ၀မ်းရေးအတွက် အဖြေရှာရင်း ရွာသားတွေလည်း စည်းလုံးညီညွတ်မှု မရှိတော့ဟု ဆိုသည်။ ကျွန်မတို့ကို လိုက်ပို့ခဲ့သော စားသုံးသူအသင်းမှ အမျိုးသမီးကြီးသည် အဆိပ်သင့်မှုကို ကာကွယ်ဖို့ ညီညွတ်ခဲ့ကြသော အတိတ်ကို ပြန်လည်သတိရနေသယောင်ယောင် … ။
( ၄ )
" ငါးကြင်းတွေဆန် ငါးဒန်တွေ သောင်ခြေ … ဦးမှာလလေး "
ယမုံနာပတ်ပျိုးထဲမှ တေးသွားတစ်စ နားထဲမှာ ကြားယောင်လာသည်။
ကျွန်မတို့၏ ဇာတိမြို့ကလေးက ဧရာဝတီမြစ်ကမ်းမှာ ထိုသီချင်းသံကို ကြားရတိုင်း ဘာကြောင့်မှန်းမသိ လွမ်းရတတ်သည်။
မနက်တိုင်း ဈေးထဲမှာ ငါးကြင်းတွေ၊ ငါးကျောင်းတွေ၊ ငါးဒန်တွေ၊ ငါးမြင်းတွေ လတ်လတ်ဆတ်ဆတ် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာသို့ ဘုရားဖူးလာတတ်သည့် ဧရာမငါးကြီးများ …
မြစ်ကမ်းသောင်စပ်မှာ ညနေခင်း၏ နေရောင်အောက်တွင် နားနေကြသည့် ဟင်္သာငှက်များ …
ဂျူရိုမြစ်က ကျွန်မတို့နှင့် အဝေးကြီးမှာ။ မလေးရှားသို့ မရောက်ခင်အထိ သူရှိမှန်း ကျွန်မ မသိခဲ့ပါ။ ဂျူရိုမြစ်ကမ်းကအပြန် ကားပေါ်တွင် ဧရာဝတီကို သတိရနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်က ပဲခူးမြစ်ကမ်းဘေး မြို့ကလေးမှာ နေခဲ့ရပုံကိုလည်း သတိရမိသည်။ ညဉ့်ဆိုလျှင် ပုဇွန်ဖမ်းမော်တော်ကလေး၏ စက်သံသဲ့သဲ့ ကြားရသည်။ မနက်ပိုင်းတွင် မြို့ကလေးကို လှည့်လည်၍ ရောင်းတတ်သည်။ ဈေးသည်၏ ဈေးဗန်းထဲမှ စိမ်းစိမ်းလတ်လတ် ပုဇွန်ထုပ်များ။ မြစ်တွေ ချောင်းတွေက မြေဆီအနှစ်ကျ၍ သောင်တို့ပေါ်ထွန်းခဲ့လျှင် မြစ်ကမ်းဘေးမှ စိုက်ခင်းများ၊ ဖရဲတွေ၊ ဆေးရွက်ကြီးတွေ၊ ပြောင်းခင်းတွေ၊ နှမ်းခင်းတွေ၊ ပန်းခင်းတွေ၊ မြစ်ဆီမှ ဖြတ်သန်းတိုက်ခတ်လာတတ်သည့် သန့်ရှင်းလတ်ဆတ်သော လေနှင့် ဘ၀ကို ချစ်ခင်မြတ်နိုးစေသော သာယာလှပသည့် ရှုခင်းများ …
ဂျူရိုမြစ်က နောက်ကျိကျိရေနှင့် မစီးချင်စီးချင် စီးဆင်းရာက ကျွန်မကို တစ်စုံတစ်ရာ ပြောခဲ့သည်ထင်သည်။
`` ရှင်ရော မြစ်တွေကို ချစ်တတ်သူလား
ကျွန်မမှာတော့ ဒဏ်ရာသင့်ခဲ့ပြီ ´´
ဂျူရိုမြစ်က ပင်လယ်ဆီသို့ စီးဆင်းသွားခဲ့သည်။ ဒါဆိုလျှင် မြစ်ဆီမှ သယ်ဆောင်သွားသည့် ဓာတုအညစ်အကြေးတို့က ပင်လယ်ကိုပါ အဆိပ်မသင့်စေဘူးလား။
တဖြည်းဖြည်း တရွေ့ရွေ့ စီးဆင်းနေသောမြစ်က ဒဏ်ရာရ နဂါးတစ်ကောင်ပမာ။ နဂါးဆိုလျှင် သူ့အာခံတွင်းမှာ ငုံထားခဲ့သည့် ပတ္တမြားမျက်ရှင်သည် လွတ်ကျ ကွဲကြေခဲ့လေပြီ။ အဆိပ်လူးမြားမှန်၍ သူ့ဝိညာဉ် ချုပ်ငြိမ်းရလုပြီ။
ကျွန်မ သူ့ကို ငါးတွေပေးချင်သည်။ ငှက်ကလေးတွေ ပြန်ပေးချင်သည်။ လျှော်ဖွပ်လို့သာ ရမည်ဆိုလျှင် သူ့မြစ်ရေတွေကိုပါ လျှော်ဖွပ်သန့်စင်လို့ ပေးလိုက်ချင်ပါသည်။ သို့သော် သူ့မှာက အထက်ပိုင်းမှာ ဆည်ရှိသဖြင့် ရွာနှစ်ရွာကိုသာ ဖြတ်သန်းစီးဆင်းခဲ့ရသည်။
ကျွန်မတို့မြစ်တွေ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့် မြစ်တွေက ဖြတ်သန်းစီးဆင်းကြရသည့် ခရီးလမ်းမှာ မြို့တွေ ရွာတွေ မရေမတွက်နိုင်။ သူတို့ကြောင့် မြို့ရွာတွေ ဖွံ့ဖြိုးခဲ့ကြရသည်။ သောက်ရေ၊ သုံးရေ ပြီးတော့ ကုန်စည်တင်လှေတွေ၊ သင်္ဘောတွေ၊ သတ္တ၀ါတွေ၊ လူတွေ၊ ဘ၀တွေ။
သြော် သည်မြစ်တွေ သဘာဝအတိုင်း ရှင်သန်စီးဆင်းစေချင်သည့် ဆန္ဒက ရင်ထဲမှာ ပြည့်၍လာခဲ့သည်။


ခင်မြဇင်
ချင်းတွင်းမဂ္ဂဇင်း
အမှတ် ( ၁၂ )၊ ဇန်န၀ါရီလ၊ ၂၀၀၇.

Thursday, February 28, 2008

ရဝေနွယ် (အင်းမ) ၏ ဆောင်းပါး

လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို စာကောင်းပေမွန်လေးတွေကို ဘလော့ပေါ်က မိတ်ဆွေများနဲ့ပါ မျှဝေပေးချင်တာမို့ ဆရာတော်လေး ရဝေနွယ် (အင်းမ)ရေးတဲ့ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင် ထိန်းသိမ်းမှု ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
...............................................................................................................
ရဝေနွယ် (အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီသောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေးတွေကိုတော့ ဒီနေ့အထိ သတိတရရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီးတစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရစေတနာပေါ့။
ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ်စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများတင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ်ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။
အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။


မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။
အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။
မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းနေထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေလိုက်နာလေ့ရှိပါတယ်။
တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ်တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။
ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။
ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာတစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲရှိနေတတ်ကြလို့ပါ။
ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။
တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာအဆောက်အဦတွေက နေ့စဉ်ဆောက်နေကြရတာဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦတွေအတွက် အသုံးချနေရတာကိုး။
ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။
အကုသိုလ်တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။
ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီးတစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။
ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ်တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတပြယုဂ်ကြီးတစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညိုလေးစားဖြစ်ကြမှာပါ။
လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။
နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညိုလေးစားတတ်ကြတာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။
အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။
ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့ ဘယ်စီးပွားရေးသမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင်တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရားတွေလည်း ပွားဖြစ်ဦးမှာပါ။
တကယ်လို့သာ အဲဒီတောအုပ်ကြီးဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက်ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင်သွားစိုက်ရင်းနဲ့ အဲဒီတောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လိုသဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘဖြစ်နေတယ်ဆိုရင်လဲ လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘစိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာနုပဿနာခေါ်တဲ့ သတိပဌာန်တရားလေးလည်း ခန္ဓာကိုယ်တစ်နွေးစာလောက် ရှုမှတ်ချင်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရှုမှတ်စဉ်ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။

Tuesday, February 26, 2008

Go Green


၂၄.၂.၂၀၀၈ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ orange supermarket မှာ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုစေမည့် ဈေးဝယ်အိတ်များကို စတင် အသုံးပြုနေပြီ တဲ့။

ဒီလိုသာဆို မျက်စိရှေ့မှာ ကြွပ်ကြွပ်အိတ် အမှိုက်ခွံတွေ မြင်တွေ့နေရတာ လျော့နည်းသွားနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလို ဈေးဝယ်အိတ်မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ပေးဖို့တော့ လိုမယ်ထင်ပါတယ်။