Monday, April 21, 2008

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဖြစ်ဖို့…



ကျွန်မတို့ လူသားအားလုံးဟာ ကျွန်မတို့မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာလောကကြီးကို ချစ်ကြမှာပါ။ ဒါဟာ အငြင်းပွားစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ချစ်တဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတု တွေပြောင်းလဲအောင် ရေမြေတောတောင်တွေ အကျည်းတန်အောင် လူသားတွေကပဲလုပ်နေကြတတယ်ဆိုတဲ့ အချက်ကိုတော့ မမေ့ထားသင့်ပါဘူး။

ကမ္ဘာကြီး အရင်အတိုင်းလှပနေစေဖို့ ကျွန်မတို့ဘာတွေ စွမ်းဆောင်နိုင်တဲ့လဲ။ တကယ်တော့ လူတစ်ဦး တစ်ယောက်စီတိုင်းဟာ ကိုယ်တတ်နိုင်တဲ့နေရာကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်သွားဖို့ပဲလိုအပ်ပါတယ်။ သိပ်မကြာသေးမီကပဲ မြန်မာနိုင်ငံအလယ်ပိုင်းကို ကျွန်မအလည်အပတ် ရောက်ရှိခဲပါတယ်။ အဲဒီလိုရောက်တိုင်း ကျွန်မသွားလေ့ရှိတာက ဦးပိန်တံတားနဲ့ တောင်သမန်အင်းပါ။ စိမ်းလဲ့နေတဲ့ တောင်သမန်အင်းရဲ့ အလှအပ၊ စိမ်းညို့နေတဲ့ မယ်ဇယ်ပင်တွေရဲ့ အလှအပကို ငေးမောရင် အကြော်စားရတဲ့ အရသာက မမေ့နိုင်စရာပါ။

ဒီတစ်ခေါက်မှာတော့ မယ်ဇယ်ပင်တန်းတစ်လျှောက် လမ်းလျှောက်ဖို့ စိတ်ကူးရမိပါတယ်။ ကျွန်မရဲ့ ကြည်နူးနေတဲ့စိတ်တွေဟာ တစ်နေရာအရောက်မှာတော့ နောက်ကျိသွားပါတယ်။ လမ်းဘေးမှာတွေ့နေရတဲ့ များပြားလှတဲ့ ကြွပ်ကြွပ်အိတ်ပုံတွေကို ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒီလောက်များပြားတဲ့ ကြွပ်ကြွပ်အိတ်တွေကို ဘယ်သူတွေကများ လာရောက် စွန့်ပစ်ထားခဲ့ကြတာပါလိမ့်။ တစ်ရက်၊ နှစ်ရက်ကနေ တစ်လ၊နှစ်လ၊ တစ်နှစ်၊ နှစ်နှစ် ဖြစ်လာတဲ့အခါ ကြွပ်ကြွပ်အိတ်တွေဟာ သဘာဝပတ်ဝန်ကျင်ကို အန္တရာယ်ပြုလာမှာပဲပေါ့။ ကြွပ်ကြွပ်အိတ်တွေဟာ Recycle ပြန်လုပ်လို့မရတော့ ပမာဏက ပိုများလာမှာပါပဲ။

တကယ်လို့သာ ကြွပ်ကြွပ်အိတ်မဟုတ်တဲ့ အခြားပစ္စည်းတွေ အသုံပြုရင် အလွယ်တကူ Recycle လုပ်လို့ရမှာပါပဲ။ အဲလိုမဟုတ်ခဲ့ရင် ကြွပ်ကြွပ်အိတ်တွေကို စနစ်တကျမြေမြှုပ်ပစ်ခဲ့မယ်ဆိုရင်လည်း အရုပ်ဆိုး အကျည်းတန်တဲ့မြင်ကွင်းကို တွေ့မြင်ရမှာမဟုတ်ဘူး။ လှပသာယာတဲ့ နေရာတစ်ခုနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ကြွပ်ကြွပ်အိတ်တွေကို အခုလို စွန့်ပစ်ထားတာဟာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးကို နားမလည်ကြလို့ပါဘဲ။ ဒီအိတ်တွေကို တစ်နေရာမှာတော့ မီးရှို့နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကြွပ်ကြွပ်အိတ်တွေကို မီးရှို့တာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

ကြွပ်ကြွပ်အိတ်ပြဿနာတင် မကပါဘူး။ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေကြတာလည်း ကျွန်မတို့ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုတစ်ခုပါ။ အမှိုက်ပုံးတွေရှိနေပါလျက်၊ အမှိုက်ကန်တွေ ရှိနေပါလျက်နဲ့ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေရပါတယ်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေ့ရပါတယ်။ ရေမြောင်းတွေ ရေစီရေလာကောင်းမွန်နေမှသာ သူ့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ သူ့တို့ ရေစီးရေလာကောင်းနေမှ ရေကြီး၊ ရေလျှံတာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ကြခြင်းရဲ့ နောက်ဆက်တွဲရလဒ်ကို ကျွန်မတို့ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ရန်ကုန်မှာတစ်ခါမှ မဖြစ်ဖူးတဲ့ ရေကြီးရေလျှံမှုမှာ ရေမြောင်းတွေထဲအမှိုက်တွေ ပိတ်ဆို့နေတာကလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ရေနုတ်မြောင်းတွေ ဘယ်လောက်ပဲဆယ်ဆယ် အမှိုက်တွေ ထပ်ပစ်ချနေရင်တော့ အရာရောက်မှာမဟုတ်ပါဘူး။ လူတွေရှိနေသမျှ အမှိုက်တွေရှိနေကြမှာပါပဲ။ ဒါပေမယ့် `ကိုယ့်အသိစိတ်ဓာတ်´ ရှိရှိနဲ့ စနစ်တကျ စွန်ပစ်သွားမယ်ဆိုရင် သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။

အမှိုက်လို့ ဆိုရာမှာလည်း Recycle လုပ်လို့ရတဲ့အမှိုက်တွေ ရှိပါတယ်။ စက္ကူလို အမှိုက်၊ ကော်နဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေဟာ Recycle လုပ်နိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အမှိုက်ထွက်နှုန်းနည်းသွားအောင် ကျွန်မတို့ပြုလုပ်နိုင်ပါလိမ့်မယ်။ စက္ကူကို တစ်ဖက်ထဲရေးတာထက်၊ နှစ်ဖက်ရေးတာ၊ မလိုအပ်ဘဲနဲ့ စာရွက်တွေကို အများမသုံးတာမျိုးပေါ့။ ဓာတ်ခဲတွေဆိုရင်လည်း တစ်ခါသုံးဓာတ်ခဲမသုံးဘဲနဲ့ Charging ပြန်သွင်းလို့ရတဲ့ ဓာတ်ခဲသုံးသင့်ပါတယ်။

ဘောပင်တွေကို တစ်ခါသုံးဘောပင် အသုံးမပြုဘဲနဲ့ Refill ပြန်ထည့်လို့ရတဲ့ ဘောပင်တွေကို အသုံးပြုတာကလည်း သင့်တော်ပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် ဘောပင်ကိုယ်ထည်ကို လွင့်ပစ်စရာမလိုဘဲနဲ့ ဆက်အသုံးပြုနိုင်သလို ငွေကြေးအကုန်အကျလည်း သက်သာပါတယ်။ ကျွန်မဆီမှာ Montex တံဆိပ် ဘောပင်တစ်ချောင်းရှိပါတယ်။ သူက non-dry ink အမျိုးအစားပါ။ အထဲက မင်ချောင်း မင်ကုန်သွားတဲ့အခါ အရွယ်အစားတူ၊ အရောင်တူတဲ့ Refill ၀ယ်ထည့်ပါတယ်။ ရေးရတာ အဆင်ပြေသလို Refill တစ်ခုကို ၄၀ကျပ်ပဲပေးရတဲ့အတွက် အလွန်ဈေးသက်သာပါတယ်။


စာရွက်တွေကို မလိုအပ်ပဲ အများကြီးသုံးမယ့်အစား ကျွန်မက ဖြတ်စသေးသေးတွေ ဒါမှမဟုတ် မှတ်စုစာရွက်သေးသေးလေးတွေကိုပဲ သုံးပါတယ်။ မှတ်သားစရာရှိတဲ့ အချက်အလက်တွေကို အဲဒီစာရွက်တွေမှာပဲ ရေးလိုက်ခြင်းအားဖြင့် စက္ကူချွေတာရာရောက်ပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ခေတ်မီလူ့အသုံးအဆောင်တွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအသုံးအဆောင်တွေကနေပဲ သဘာဝ ပတ်ဝန်ကျင်ကို ပျက်စီမှုတွေ ဖြစ်ပေါ်စေတာကိုတော့ ကျွန်မတို့ သတိပြုသင့်ပါတယ်။`ဖန်လုံအိမ် အာနိသင်´ ဆိုတဲ့စကားလုံးကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာသံကိုလည်း ကြားရပါတယ်။ မလိုအပ်ဘဲနဲ့ စက်ကိရိယာတွေ၊ ဇိမ်ခံပစ္စည်းတွေကို အသုံးပြုခြင်းကနေ ထွက်ရှိလာတဲ့ ကာဗွန်တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိုများလာနေပါပြီ။ ကျွန်မမှာ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ဆံပင်ခြောက်ခံကိရိယာ၊ လေအေးပေးစက် စတဲ့ ပစ္စည်း ဘာဆိုဘာမှ မရှိပါဘူး။ လတ်လတ်ဆတ်ဆတ် အသီးအနှံနဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားတဲ့အတွက် ရေခဲသေတ္တာမလိုပါဘူး။ သောက်ရေအိုးထဲက ရေဟာ ရေခဲသေတ္တာထဲက ရေထက်ပိုပြီး သဘာဝကျကျ အေးမြပါတယ်။

ဒီနေ့အချိန်မှာ ခြင်ဆေးအခွေတွေလည်း တံဆိပ်အမျိုးမျိုးနဲ့ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ခြင်ဆေးတွေဟာတကယ်ရော ခြင်ကို နှိမ်နင်းနိုင်သလားဆိုတာ မေးခွန်းထုတ်စရာပါ။ ခြင်ဆေးခွေထွန်းရာက ထွက်ပေါ်လာတဲ့ အနံ့တွေကလည် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒီကြားထဲကမှ ထူးထူးခြားခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေထားထုတ်လုပ်တဲ့ ခြင်ဆေးခွေတစ်မျိုးကိုတွေ့ရပါတယ်။ “Fuji” နနွင်တက် ခြင်ဆေးခွေပါ။ တခြားခြင်ဆေးခွေတွေလို အနံ့လည်းမပြင်းတဲ့အတွက် ဈေးလည်းသက်သာတဲ့အတွက် ကျွန်မ ၀ယ်သုံးဖြစ်ပါတယ်။

ကျွန်မတို့ဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာနေပြီးလို့ ညည်းညူနေမယ်အစား ဘယ်လိုနည်းလမ်းတွေက အဆင်ပြေစေမလဲဆိုတာ စဉ်းစားဖို့ လိုနေပါတယ်။ ငယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင်လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ မြင်ပါတယ်။ Environmental Studies ကို အလယ်တန်းလောက်ကစပြီး ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနိုင်ခဲ့ရင် နောင်လာမယ် အနာဂတ်အတွက် အများကြီး အထောက်အကူရနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုဆိုရင် လူငယ်တွေဟာ သစ်တောတွေကို ချစ်တတ်လာမယ်၊ မြစ်တွေ၊ ပင်လယ်တွေကို သူ့သဘာဝအတိုင်း လှပစေလိုမယ်၊ လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုကို တစ်ထောင့် တစ်နေရာက ကာကွယ်ပေးလိုစိတ်တွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကြွပ်ကြွပ်အိတ်တွေနေရာမှာ Recycle လုပ်လို့ ရတဲ့ စက္ကူအိတ်တွေသုံးမယ်။ ဒါမှမဟုတ် ရိုးရာဆန်တဲ့ဖက်ရွက်တွေကိုပဲသုံးမယ်ဆိုရင် ကြွပ်ကြွပ်အိတ်ပြဿနာကို အနည်းနဲ့ အများတော့ ဖြေရှင်းနိုင်လိမ့်မည်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ချဖို့ ကြံလိုက်တိုင်း ရေကြီးရေလျှံမှုကို ဖိတ်ခေါ်သလို ဖြစ်မလားဆိုတဲ့ အသိလေးတစ်ချက်ဝင်လိုက်တယ်ဆိုရင် အဲလိုလုပ်ဖို့ ၀န်လေးသွားပါလိမ့်မယ်။ မိမိနဲ့ ရင်နှီးသူတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းမှုရဲ့ အရေးကြီးပုံကို နားလည်ထားသလောက် ပြောပြသင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖိုအတွက် တစ်တပ်တစ်အားပါဝင်မယ်လို့ စိတ်ကူးထားရင် ဒီနေ့ကစပြီးလုပ်ဆောင်လိုက်ပါ။ အနည်းဆုံးတော့ မိမိနေထိုင်ရာ ပတ်ဝန်ကျင်တစ်ဝိုက်ကို ထိန်းသိမ်းပြီးသား ဖြစ်မှာပါ။ ကျေးငှက်လေးတွေရဲ့ တေးသီသံကြားရတဲ့ စိမ်းညို့တဲ့သစ်ပင်တွေကို ရှုမောမဆုံး တွေ့မြင်ရတဲ့၊ ရှင်းသန့်တဲ့ မိုးကောင်းကင်ကို တွေ့မြင်ရတဲ့ ကမ္ဘာမြေရဲ့ ရက်စွဲတွေကို ဖန်တီးဖို့ အချိန်တွေ သိပ်နောက်မကျသေးဘူးထင်ပါရဲ့။

သွေး (စစ်ကိုင်း)

အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း အတွဲ ၂၊ အမှတ် (၅)၊ မတ်လ၊ ၂၀၀၈ မှ ဆောင်းပါးရှင် သွေး (စစ်ကိုင်း) ရဲ့ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

1 comment:

3D Crazy said...

ကျနော်တို့မြန်မာနိုင်ငံမှာ ကိုအမှိုက်ကို ပြစ်ချင်သလို ပြစ်တဲ့ အကျင့်ဆိုးက ဘယ်တော့မှပျောက်မလဲမသိဘူးဗျာ။
ကျွတ်ကျွတ်အိတ်ကိုလဲ ဗုံးဗောလအောသုံးတယ်။
ကျနော်ကတော့ ဖြစ်နိုင်ရင် ကျွတ်ကျွတ်အိတ်လုံးဝမသုံးဘူး။
ဆီပါတဲ့စားစရာမျိုးဆိုရင် ဆိုင်မှာပဲတခါတည်းစားတယ်။
သူငယ်ချင်းတွေက ကျွတ်ကျွတ်အိတ်ချွေတာတာကို ငပေါ၊ အပိုလုပ်တွေ စသဖြင့် ထောပနာပြုကြတယ်။
ကျနော်တို့ လူမျိုးတွေ သဘာပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟုသုတတွေ ရှိသင့်တာကြာပါပြီဗျာ...
ဒီဘလော့ခ်လေးကို ကျေးဇူးပါ...