Thursday, February 28, 2008

ရဝေနွယ် (အင်းမ) ၏ ဆောင်းပါး

လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို စာကောင်းပေမွန်လေးတွေကို ဘလော့ပေါ်က မိတ်ဆွေများနဲ့ပါ မျှဝေပေးချင်တာမို့ ဆရာတော်လေး ရဝေနွယ် (အင်းမ)ရေးတဲ့ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင် ထိန်းသိမ်းမှု ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
...............................................................................................................
ရဝေနွယ် (အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီသောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေးတွေကိုတော့ ဒီနေ့အထိ သတိတရရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီးတစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရစေတနာပေါ့။
ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ်စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများတင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ်ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။
အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။


မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။
အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။
မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းနေထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေလိုက်နာလေ့ရှိပါတယ်။
တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ်တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။
ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။
ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာတစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲရှိနေတတ်ကြလို့ပါ။
ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။
တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာအဆောက်အဦတွေက နေ့စဉ်ဆောက်နေကြရတာဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦတွေအတွက် အသုံးချနေရတာကိုး။
ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။
အကုသိုလ်တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။
ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီးတစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။
ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ်တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတပြယုဂ်ကြီးတစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညိုလေးစားဖြစ်ကြမှာပါ။
လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။
နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညိုလေးစားတတ်ကြတာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။
အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။
ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့ ဘယ်စီးပွားရေးသမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင်တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရားတွေလည်း ပွားဖြစ်ဦးမှာပါ။
တကယ်လို့သာ အဲဒီတောအုပ်ကြီးဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက်ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင်သွားစိုက်ရင်းနဲ့ အဲဒီတောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လိုသဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘဖြစ်နေတယ်ဆိုရင်လဲ လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘစိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာနုပဿနာခေါ်တဲ့ သတိပဌာန်တရားလေးလည်း ခန္ဓာကိုယ်တစ်နွေးစာလောက် ရှုမှတ်ချင်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရှုမှတ်စဉ်ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။

Tuesday, February 26, 2008

Go Green


၂၄.၂.၂၀၀၈ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ orange supermarket မှာ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုစေမည့် ဈေးဝယ်အိတ်များကို စတင် အသုံးပြုနေပြီ တဲ့။

ဒီလိုသာဆို မျက်စိရှေ့မှာ ကြွပ်ကြွပ်အိတ် အမှိုက်ခွံတွေ မြင်တွေ့နေရတာ လျော့နည်းသွားနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလို ဈေးဝယ်အိတ်မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ပေးဖို့တော့ လိုမယ်ထင်ပါတယ်။

Friday, February 22, 2008

ဂြိုဟ်ပြာကြီးရဲ့ ကျန်းမာရေး

ကျွန်မတို့နေတဲ့ ကမ္ဘာကြီးကို ဂြိုဟ်ပြာကြီး ( blue planet ) လို့ ပြောကြပါတယ်။ မည်းနက်နေတဲ့ စကြ၀ဠာနောက်ခံမှာ အာကာသထဲ မလင်းတလင်း အပြာရောင်အလုံးလေး ချိတ်ဆွဲထားတဲ့ပုံစံနဲ့ ကမ္ဘာကြီးကို ကိုယ်စားပြုလေ့ ရှိကြပါတယ်။ ကျွန်မငယ်ငယ်တည်းက လက်ခံထားတဲ့အသိက ကမ္ဘာဆိုတဲ့ ဂြိုဟ်ပြာကြီး လုံးဝန်းတယ်ဆိုတာကိုပါ။ အခုတော့ `ကမ္ဘာပြားပြီ ´ တဲ့ … ။

တိုးတက်နေတဲ့ ခေတ်ကြီးနဲ့ မျက်ခြေပြတ်နေတဲ့ လူတွေအတွက်တော့ ကမ္ဘာကြီး ပြားသွားပြီလို့ပြောရင် ရီကြမှာပါပဲ။ ဒါပေမယ့် ခေတ်နဲ့အညီ ရင်ဘောင်တန်းလိုက်နိုင်ပြီး ဗဟုသုတ ကြွယ်ဝတဲ့လူတွေကတော့ ဒါဟာ တင်စားချက်တစ်ခုဆိုတာ နားလည်သဘောပေါက်ကြပါတယ်။ ကမ္ဘာပြားပြီဆိုတာ တနည်းအားဖြင့်တော့ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောတာပါ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီပေါ့။ ဒါဆိုရင် ကျွန်မတို့ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံးဟာ ဂြိုဟ်ပြာရွာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားတွေလို့ ပြောရတော့မှာပေါ့။

ဒီလိုသာဆိုရင် ကိုယ်နေတဲ့ရွာကြီး သာယာလှပရေးအတွက် ကျွန်မတို့တွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို လူတိုင်း သတိထားသင့်ပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးကြဖို့ လိုပါတယ်။ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ဖို့ဆိုရင် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားမှ ဖြစ်မှာပါ။ အမှိုက်သရိုက်တွေ ရှုပ်ပွနေတဲ့၊ လေကောင်းလေသန့် မရနိုင်တဲ့၊ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေဆိုးရေညစ်တွေ ပြည့်လျှံကျနေတဲ့ အနေအထားတစ်ခုဟာ သူ့အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အခုဆိုရင် ကျွန်မတို့နေတဲ့ ဂြိုဟ်ပြာကြီးရဲ့ ကျန်းမာရေးအခြေအနေဟာလည်း တစ်နှစ်ထက်တစ်နှစ် ချွတ်ခြုံကျလာတယ်လို့ ဆိုရပါမယ်။ ကမ္ဘာကြီး တဖြည်းဖြည်း ပူနွေးလာတာ၊ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လဲ အခုလို ဆောင်းအကုန် နွေအကူးအချိန်မှာတောင် အပူဒဏ်ကို သိသာစွာ ခံစားနေရတာတွေဟာ ကမ္ဘာကြီး ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုတဲ့ လက္ခဏာတွေ ပြနေတာပါပဲ။ တချို့နိုင်ငံတွေမှာတော့ သဘာဝဘေးဒဏ်တွေကို ဆိုးရွားစွာ ခံစားနေရပါပြီ။ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလဲ တိုးတက်မှုကနေ ရလာတဲ့ ဘေးထွက်အသီးအပွင့်တွေရဲ့ အရသာက ခါးသက်သက် ဖြစ်လာတာကို ခံစားမိကုန်ကြပါပြီ။ လေထုထဲမှာ ပမာဏများပြားစွာ နေရာယူလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ၊ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အဆိပ်သင့်ကုန်တဲ့ မြစ်ရေတွေ … ဒါတွေဟာ တိုးတက်ထွန်းကားခြင်းရဲ့ ခါးသက်တဲ့ အသီးအပွင့်တွေပါပဲ။

ကျွန်မတို့နိုင်ငံမှာဆိုရင် ကြွပ်ကြွပ်အိတ်ခွံတွေ တောထနေတဲ့ အမှိုက်ပုံတွေကို နေရာအတော်များများမှာ မြင်တွေ့နေရပါတယ်။ ပြီးတော့လည်း လူနေအိမ်တွေရဲ့ အနောက်ဖက်တိုင်းလိုလိုမှာ အမှိုက်တွေ လွယ်လွယ်ကူကူ စွန့်ပစ်ကြရာကနေ နေရာယူလာတဲ့ နောက်ဖေးလမ်းကြားတွေလဲ ရှိကြပါတယ်။ ဒါတွေဟာ အမှိုက်ကစလို့ ပြသာဒ်မီးလောင်မယ့် နမိတ်ပုံတွေပါပဲ။

ကျွန်မကတော့ အိမ်ကလူတွေကို အမှိုက်တွေ နောက်ဖေးလမ်းကြားကို အလွယ်တကူ မစွန့်ပစ်ဖို့ အမြဲသတိပေးပါတယ်။ `ဒါဆိုရင် အမှိုက်ကားလဲ လမ်းထဲကိုမလာ၊ အမှိုက်လာသိမ်းမယ့် အမှိုက်ပုံရယ်လို့လဲ မရှိတော့ ငါတို့က ဘယ်မှာ အမှိုက်သွားပစ်ရမှာလဲ´ လို့ အိမ်ကလူတွေက ကျွန်မကို ပြန်မေးပါတယ်။ `တွင်းတူးပြီးမြှုပ်ပေါ့´ လို့ ပြောတော့ `ငါတို့မှာ အမှိုက်ပစ်ဖို့အတွက် ဒီလောက် အလုပ်ရှုပ်မခံနိုင်ဘူး´ တဲ့။

ကျွန်မ တော်တော် စိတ်ဓါတ်ကျသွားပါတယ်။ ကိုယ့်အိမ်ကလူတွေကိုတောင် အောင်အောင်မြင်မြင် မစည်းရုံးနိုင်ဘဲနဲ့ တခြားသူတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဘယ်လိုများ ပညာပေးရပါ့မလဲလို့ တွေးမိတော့ တကယ်ရင်မောမိပါတယ်။ ကျွန်မကတော့ ကမ္ဘာကြီး ကောင်းကျိုးအတွက် ဘာမှ မသယ်ပိုးပေးနိုင်ရင်တောင်မှ ကမ္ဘာကြီး အဆိပ်သင့်စေမယ့် အမှိုက်တစ်စတော့ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားပါတယ်။ တတ်နိုင်သမျှ ကိုယ့်တစ်နိုင်လေးတော့ တာဝန်သိပေးရမှာပေါ့လေ။ တကယ်တော့ ဂြိုဟ်ပြာကြီးဆိုတာ ကျွန်မတို့အားလုံး မှီတင်းနေထိုင်ရတဲ့ ရွာကြီးတစ်ရွာပဲ မဟုတ်လား။

Tuesday, February 19, 2008

အမှိုက်ပုံး ကမ္ဘာကြီး ?

မြန်မာပြည်က ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ထိန်သိမ်းကြဖို့ တိုက်တွန်းထားတဲ့ ပညာပေးလက်ကမ်းစာရွက်လေးပါ။ ကမ္ဘာကြီးဟာ တနေ့တခြား အမှိုက်ပုံးနဲ့တူလာတယ် ဆိုလာတာလေးကို သတိထားပြီး ဆင်ခြင်ဖို့ရာ ပြောထားပါတယ်။




အောက်မှာကတော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြောင့် လှပနေတဲ့ တောရိုင်းပန်းကလေးတွေ ပါ...





















ကျွန်တော်တို့ ပလတ်စတစ် အမှိုက်နဲ့ အခြားဘေးဖြစ်စေတဲ့ အမှိုက်တွေကို မဆင်မခြင် စွန့်ပစ်နေမယ်ဆိုရင် ဒီလိုလှပတဲ့ သဘာဝတရားတွေ များမကြာခင်နှစ်များမှာ ပျောက်ကွယ်တော့မှာပါ။

တယောက်ချင်း လုပ်မှ အောင်မြင်မှာ ဖြစ်လို့ ပတ်ဝန်ကျင်ကို ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းဖို့ ထပ်ဆင့်ပြီး နှိုးဆော်ပါရစေ။

(မှတ်ချက်။ ။ဒီပို့စ်ကို ကျွန်တော့်ဘလော့မှာတင်ဖူးပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်နေလို့ ဒီမှာ ပြန်တင်ပြီးမျှဝေလိုက်ပါတယ်။)

Sunday, February 17, 2008

ပြောင်းလဲလာတဲ့ ကမ္ဘာမြေ

ကောင်းတဲ့ ဗွီဒီယိုလေး တွေ့လို့ မျှဝေပေးလိုက်ပါတယ်။ ..

ရေထုညစ်ညမ်းမှု

ကမ္ဘာကြီး ပူနွေးလာလို့ ကမ္ဘာ့ရေပြင်ထု မြင့်တက်လာမယ်ဆိုရင် သမီးအဲဒါကို နားလည်နိုင်ပါ့မလား။

တို့ကမ္ဘာကြီးမှာ ရေခဲပြင်ဒေသတွေရှိတာ သမီးသိသားပဲ။ အဲဒီရေခဲတောင်ကြီးတွေ ရေခဲပြင်ကြီးတွေဟာ အရည်ပျော်လာမယ်။ ဒီတော့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာပေါ့။ မြို့တွေကို ရေလွှမ်းမိုးမှု ဖြစ်လာမယ်။ မြေပြင်ရော ရေပြင်ရော ညစ်ညမ်းကုန်မယ်။

ရေနံချောင်းမှာ ဧရာဝတီ မြစ်ရေတက်ချိန်ဆိုရင် အန်တီတို့ငယ်ငယ်က မြစ်ရေလျှံတဲ့ ပတ်ဝန်းကျင်ကို သွားသွားကြည့်ကြရတာ အလေ့အထတစ်ခုပဲ။ ရေကြည့်သွားမလို့လို့ အန်တီတို့ ပြောကြတယ်။ အိမ်ထဲမှာ ရေတွေဝင်ပြီး ရေတွင်းတွေရော အိမ်သာတွေရော မြစ်ရေဖုံးလို့ တစ်အိမ်လုံး ရေပြင်ဖြစ်နေရတဲ့ အိမ်တွေကို အန်တီတို့က ခပ်လှမ်းလှမ်း ဘုရားအမြင့်ဆီက လှမ်းကြည့်ပြီး အထူးအဆန်းမြင်ကွင်းမို့ ပျော်ခဲ့ကြတယ်။ စဉ်းစားကြည့်စမ်းပါ။ အဲဒီအိမ်တွေမှာ နေနေတဲ့ အိမ်သားတွေ ဘယ်လောက် စိတ်ပျက် စိတ်ညစ်နေမယ့်အချိန်လဲ။ အဲဒီအချိန်မျိုးမှာ လူကြီးတွေ ကလေးတွေ တရုန်းရုန်းနဲ့ သူတို့အိမ်တွေကို ပွဲကြည့်သလို လာကြည့်ခံရတာ ဘယ်လောက် ဒေါသဖြစ်လိုက်မလဲနော်။ အဲဒီတုန်းကတော့ မြစ်ရေလျှံလို့ အဲဒီဝန်းကျင်မှာ လေထုတွေ ရေထုတွေ ဘယ်လောက် ညစ်ပတ်လာမလဲလို့ အန်တီတို့ ဘယ်တွေးမိမလဲ။ ကာယကံရှင်တွေကတော့ ဒုက္ခတွေကို စိတ်ပျက်ရလောက်အောင်ကို ခံစားခဲ့ကြရမှာပဲနော်။

အဲဒါ ရေနံချောင်းမှာ ဧရာဝတီမြစ်ရေတက်တဲ့ ဒုက္ခပဲရှိသေးတယ်။ ဧရာဝတီမြစ်ရေဟာ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမှာ တစ်ပြိုင်တည်းလျှံတာ။ ဒါ့အပြင် သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်အားလုံး ရေတက်ရေလျှံဖြစ်တာ။ ဒါ့အပြင် ပင်လယ်တွေအကုန် ဒီရေတက်လိုက် ကျလိုက် ဖြစ်နေတာ။ ကမ္ဘာမြေကြီးမသန့်ရင် ရေထုလဲညစ်မယ်။ ရေထုညစ်ရင် လေထုရော ကမ္ဘာမြေရောညစ်မယ်။ အပြန်အလှန်ပေါ့ကွယ်။ လူတွေသန်းနဲ့ချီပြီး သေကုန်ကြမယ့်အဖြစ်ဟာ ပေါ့ပေါ့အန္တရာယ်လေးတော့ မဟုတ်ဘူးပေါ့။

အန်တီတို့ အဓိကသုံးနေတဲ့ ဧရာဝတီမြစ်ကြီးဟာရော ဘယ်လောက် သန့်နေသေးလို့လဲ။

သမီးက မရောက်ဖူးလို့ ဧရာဝတီမြစ်ရဲ့ အစပိုင်းဟာ ဘယ်လောက်သန့်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ သမီးသိမှာက ရေနံချောင်းမှာ မြစ်ရေတက်တဲ့အချိန်ရဲ့ ဧရာဝတီရှုခင်းပဲသိမယ်။ ရေနံချောင်းကနေ ကုန်းဇောင်းကို မော်တော်နဲ့ဖြတ်ရစဉ်က သမီးမြင်ရတဲ့ ဧရာဝတီမြစ်ရေအရောင် ရွှံ့ရောင်ဖြစ်နေတာပဲသိမယ်။

တကယ့် ဧရာဝတီမြစ်ရဲ့ အစဟာလေ ဟိုးအောက်ခြေ ကျောက်စရစ်ခဲတွေကို အပေါ်ကနေ ထွင်းဖောက်မြင်နေရလောက်အောင် သောက်ရေလိုပဲ ကြည်လင်နေတဲ့ ဧရာဝတီ သမီးရဲ့။ ဟိုးအောက်က သဲပြင်ကို မော်တော်ပေါ်က ငုံ့ကြည့်ရင် အတိုင်းသားမြင်နေရတဲ့ ဧရာဝတီ။ အဲဒီဧရာဝတီဟာ မြစ်ဆုံကနေ ဗန်းမော်လောက်အထိ သန့်စင်ကြည်လင်နေတာ။ မြစ်ရေကို ဒီအတိုင်း သောက်လို့ရလောက်တယ်။

အန်တီတို့ဆီ ရောက်လာတဲ့ ဧရာဝတီကတော့ အဲဒီလို မကြည်လင်တော့ဘူးပေါ့။ မြို့အထပ်ထပ် နယ်အထပ်ထပ်ကို ဖြတ်လာပြီး နုန်းမြေတွေ မြေဆီလွှာတွေ ကမ်းပါးမြေပြင်တွေကို တိုက်စားသယ်ဆောင်လာခဲ့တဲ့ ဧရာဝတီဟာ မြို့တိုင်းမြို့တိုင်းရဲ့ အညစ်အကြေးတွေကိုပါ သယ်ခဲ့ရတာလို့ အန်တီပြောရင် သမီးအံ့သြမလား။

လှေတွေ မော်တော်တွေပေါ်က အညစ်အကြေးပေါင်းစုံ၊ ဆိပ်ကမ်းမြို့ပေါင်းက အညစ်အကြေးပေါင်းစုံတွေထဲမှာ လူ့မစင်တွေ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ၊ ခွေးသေကောင်ပုပ်တွေ၊ စက်ရုံအညစ်အကြေး အဆိပ်အတောက်ပစ္စည်းတွေ၊ အများကြီး အများကြီး။ သမီးစဉ်းစားလို့ရသမျှ ရွံစရာ အညစ်အကြေးမှန်သမျှ ဧရာဝတီထဲကို ရောက်တယ်လို့ တွက်လိုက်စမ်း။ ဘယ်လောက် ဆိုးဝါးလိုက်သလဲနော်။

သန့်စင်ကြည်လင်နေတဲ့ ရေကန်တစ်ခုထဲကို အညစ်အကြေး တစ်စက်ကျသွားတာ မသိသာပေမယ့် ညစ်နေတဲ့ ရေပြင်ထဲကို ကျသွားတဲ့ နောက်ထပ်အညစ်အကြေး တစ်စက်ဟာ အဆိပ်အတောက် ဖြစ်လာစေတယ်လေ။

ရေထုညစ်ညမ်းမှုကို အမြဲတိုင်းထွာတွက်ချက်နေတဲ့ ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ကမ်းစပ်မြစ်ရေ၊ ပင်လယ်ရေ၊ သမုဒ္ဒရာရေတွေရဲ့ အညစ်အကြေး အချိုးအဆကို သိနေကြတယ်။ တချို့ကမ်းစပ်တွေဆို ညစ်ညမ်းကုန်ကြပြီကွဲ့။ ရေကို သောက်ရေအဖြစ်သုံးဖို့ မဆိုထားနဲ့ ရေဆင်းချိုးဖို့တောင် အာဏာပိုင်တွေနဲ့ တားမြစ်ယူကြတယ်။ ကျန်းမာရေးထိခိုက်မှာ စိုးလို့ပါ သမီးရယ်။

အန်တီတို့ရဲ့ ဧရာဝတီကမ်းစပ်မှာ ရေရဲ့ အညစ်အကြေး အချိုးအဆကို စနစ်တကျ တိုင်းထွာပြီး သိမထားပေမယ့် အညစ်အကြေး အမှိုက်ပေါင်းများစွာကို သွန်ချခံနေရတာ မျက်မြင်ပဲမို့ ရေဟာ ညစ်နေပြီဆိုတာလောက်တော့ အားလုံးသိပါတယ်။ ဧရာဝတီမြစ်ရေကို သုံးတဲ့အခါ တချို့က ရေကိုကြည်အောင် အနယ်ထိုင်အောင် စစ်ယူကြတယ်။ အပေါ်ယံစစ်ထားတဲ့ ရေခပ်ကြည်ကြည်ထဲမှာ အဆိပ်အတောက် အညစ်အကြေးဓါတ်တွေ နည်းကုန်ပါစေလို့ ဆုတောင်းရမှာပဲပေါ့ သမီးရယ်။

( ဆရာမ `ဂျူး´ ၏ `ကျွန်မချစ်သော ကမ္ဘာမြေ´ စာအုပ်ပါ `ကမ္ဘာကြီးပူနွေးလာခြင်း´ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။ )

Saturday, February 16, 2008

သဘာဝသယံဇာတဆိုသည်မှာ

သဘာဝသယံဇာတ (Natural Resources) ဆိုတာ လူတွေက မကုန်ခန်းနိုင်တဲ့ ၀တ္ထုပစ္စည်တွေ၊ သုံးမကုန်တဲ့ပစ္စည်းတွေ၊ ပဒေသာပင်က ဆွတ်ခူးလို့ရသလို သုံးမကုန်တဲ့ ပစ္စည်းတွေလို့ လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီသဘာဝသယံဇာတဆိုတာ (၃) မျိုးရှိပါတယ်။ အဲဒီ (၃) မျိုးမှာ သုံးလို့မကုန်နိုင်တဲ့ သယံဇာတ၊ သုံးလို့ကုန်သွားနိုင်တဲ့ သယံဇာတ၊ အစားထိုးလို့ရတဲ့ သယံဇာတဆိုပြီး (၃) မျိုး (၃) စား ရှိပါတယ်။

ပထမအမျိုးအစားဖြစ်တဲ့ သုံးလို့ မကုန်ခန်းနိုင်တဲံ သဘာဝသယံဇာတကတော့ နေရောက်ခြည်စွမ်းအင် (Solar Energy) ၊ လေစွမ်းအင် (Wind Energy) ၊ ရေစွမ်းအင် (Hydro Power)၊ ဒီရေစွမ်းအင် (Tidal Power) နဲ့ မြေကြီးထဲကထွက်ရှိလာတဲံ ရေနွေးငွေ့၊ ရေပူစမ်းအစရှိတဲ့ စွမ်းအင် (Geothermal Energy) တို့ဖြစ်ကြပါတယ်။ ဒီစွမ်းအင်ကတော့ နည်းပညာနားလည်ပြီး စနစ်တကျသုံးတတ်ရင် သုံးမကုန်တဲ့ သဘာဝသယံဇာတတွေလို့ ပြောလို့ရပါတယ်။


နေရောင်ခြည်စွမ်းအင်ကို Photovoltaic cells တွေမှာ store လုပ်ထားပြီး လျှပ်စစ်စွမ်းအားအဖြစ် ထုတ်လုပ်သုံးစွဲနိုင်ပါတယ်။ ကမ္ဘာတည်သရွေ့ သုံးမကုန်တဲ့ နေရာင်ခြည်စွမ်းအင်ပါပဲ။

လေစွမ်းအင်ကိုတော့ လေရဟတ်တွေ၊ ဒလက်တွေသုံးပြီး လျှပ်စစ်ထုတ်နိုင်တဲ့ တာဘိုင် (wind turbine or generator) ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ လှေတွေရွက်တိုက်မောင်းတာလဲ လေစွမ်းအင်ကို အသုံးပြုတာပါပဲ။

ရေအားလျှပ်စစ်ဆိုတာလည်း လောပီတတို့၊ ကင်းတာဆည်တို့ကနေ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ တာဘိုင် (turbine) တွေကို လည်စေပြိး လျှပ်စစ်ဓာတ်အားထုတ်ပေးနေတာကို မြန်မာတိုင်းသိနေကြမှာပါ။

ဒီရေစွမ်းအင်ဆိုတာလည်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ဒီရေအတက်အကျရှိလို့ ဒီရေတက်တဲ့အခါ ရေလှောင်ပြီး လျှပ်စစ်တာဘိုင်ကို ရေအားနဲ့လည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်သုံးတာပါပဲ။

မြေကြီးထဲကထွက်လာတဲ့ ရေနွေးငွေ့၊ ရေပူစမ်းတွေ (Geothermal Energy in the form of steam) ဟာလဲ မကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်မျိုးပါပဲ။ မီးတောင်တွေနဲ့ နီးတဲ့ဒေသတွေမှာ မြေကြီးထဲကနေ ရေနွေးငွေ့ (steam) ဆိုတာထွက်နေလို့ လျှပ်စစ်တာဘိုင်တွေကိုလည်ပတ်စေပြီး၊ လျှပ်စစ်စွမ်းအင်ထုတ်လို့ရပါတယ်။ ရေပူစမ်းဆိုတာ မြန်မာနိုင်ငံဒေသတော်တော်များများမှာ တွေ့ရှိပါတယ်။ အဲဒီရေပူစမ်းကနေ ရေအားလျှပ်စစ်ထုတ်တယ်လို့ မကြားရသေးပေမယ့် ၄င်းရေပူစမ်းထဲမှာ အနာရောဂါပျောက်စေတဲ့ ဆေးဖက်ဝင် ဓာတ်သတ္ထုတွေပါလို့ ရေပူစမ်းမှာ ရေချိုးရင် ရောဂါပျောက်တယ်၊ အညောင်းအညာပြေတယ်လို့ ယုံကြည်ကြပါတယ်။ ဂျပန်နိုင်ငံမှာဆို ရေပူစမ်းရှိတဲ့နေရာတိုင်းမှာ ရေချိုးခြင်း၊ ရေစမ်းခြင်းဖြင့် တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေတာကို ကုစားနိုင်တဲ့၊ အညောင်းအညာပြေတဲ့လုပ်ရပ်ဆိုပြီး ကလေး၊ လူကြီး အပန်းဖြေ အနားယူတတ်ကြပါတယ်။

ဒုတိယအမျိုးအစားဖြစ်တဲ့ သုံးလို့ကုန်သွားနိုင်တဲ့၊ ကုန်ခန်းသွားနိုင်တဲ့ (Non Renewable Resource) သယံဇာတဆိုတာကတော့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ စိန်၊ ကျောက်စတဲ့ တွင်းထွက်ပစ္စည်းတွေပါပဲ။ အဲဒီလိုကုန်ခန်းနိုင်တဲ့ သဘာဝသယံဇာတတွေကို အထူးသတိပြုပြီး စနစ်တကျသုံးစွဲတတ်ပါမှ နိုင်ငံနဲ့ ပြည်သူလူထုအတွက် တာရှည်အကျိုးခံစားရပါမယ်။ တစ်ချိန်က အာရှတိုက် အရှေ့အလယ်ပိုင်းဒေသ (Middle East) နိုင်ငံတွေဟာ သံကန္တာရတွေထဲမှာ သိုး၊ ဆိတ်၊ ကုလားအုတ်တွေမွေး စားကျက်အလိုက် ရွေ့ပြောင်းနေထိုင်ကြရပြီး အလွန်ဆင်းရဲမွဲတေခဲ့ကြပါတယ်။

အခုဆို သူတို့ မြေကြီးအောက်မှာ ရေနံတွေထွက်တော့ ချမ်းသာလာကြတယ်။ သူတို့နိုင်ငံမှာ အုပ်ချုပ်တဲ့ အာရပ်စော်ဘွားတွေကလည်း သူတို့တိုင်းရင်သားတွေ အဓွန့်ရှည်စွာ ချမ်းချမ်းသာသာနေနိုင်အောင် ရေနံတေါကို ထိန်းထိန်းသိမ်းသိမ်းနဲထုတ်၊ ရေနံကရတဲ့ငွေတွေနဲ့ လမ်းတံတားတွေ၊ တိုက်တာအိမ်တွေဆောက်၊ နိုင်ငံခြားခရီသွားလုပ်ငန်းတွေဖန်တီး၊ ခေတ်မီနည်းပညာသင်ပေးပြီးတော့ ရင်းနှီးတော့ သူတို့ပြည်သူတွေရဲ့ နောင်ရေးလည်း စိတ်ချရတာပေါ့။ အလွန်မှ အမြော်အမြင်ရှိကြပါတယ်။

တတိယအမျိုးအစားဖြစ်တဲ့ အစားထိုးလို့ရတဲ့သယံဇာတ (Renewable Resource) ဆိုတာကတော့ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ဒါတွေကတော့ သစ်တောသစ်ပင်၊ ကောက်ပဲသီးနှံတွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ဆိတ်၊ သိုးတွေ၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ခရု၊ ကမာ၊ ရေညှိ၊ ရေမှော်၊ လိပ်၊ လင်းပိုင်၊ မိကျောင်း၊ ရေ၀က်တဲ့ အစားထိုးလို့ရတဲ့ သယံဇာတတွေပါပဲ။ အစားထိုးလို့ရတာပဲဆိုပြီး အရမ်းကာရော ထုတ်လုပ်သုံးစွဲရောင်းချရင်လဲ အရေအတွက်ရော အရည်အသွေးပါ လျှော့ပါးလာပြီး တချို့သော အပင်မျိုး၊ အကောင်မျိုးတွေဆိုရင် မျိုးတုံးကုန်ကြတယ်။ ဥပမာ - ကမ္ဘာမြေပေါ်မှာ ကျားမျိုးစိတ်ပေါင်း (၈) မျိုးရှိရာကနေ အခုဆိုရင် (၅)မျိုးပဲကျန်တော့တယ်။ ကျန် (၅) မျိုးဟာလည်း မျိုးတုံးတော့မယ့်အန္တရာယ်တွေ ရှိနေပါတယ်။ ဆရာတို့ငယ်ငယ်က (၁၉၅၇-၅၈)လောက်က မြန်မာပြည်မှာ ကျားအကောင်ရေ (၃၀၀၀) ထက်မနည်းရှိရာကနေ အခုဆို အကောင်ရေ (၁၀၀)လောက်ပဲ ကျန်တော့တယ်၊ ကြံ့မျိုးတွေလည်း တုံးသလောက်ရှိသွားပြီး တောဆင်ရိုင်းတွေတောင် အခုဆို အကောင် ၄၀၀၀-၅၀၀၀ ပဲရှိတော့တယ်။ သစ်တောတွေလည်း စနစ်တကျထုတ်ရင် အထွက်နှုန်းတွေကျ၊ ပမာဏ (Yield Capacity) ထက်ပိုထုတ်ရင် အထွက်နှုန်းတွေကျ။ တချို့အဖိုးတန်သစ်မျိုးဖြစ်တဲ့ သစ်မွှေးတို့ အကျော်တို့ဆိုရင် သဘာဝတောတွေထဲမှာ မရှိသလောက်ရှားသွားကြပါပြီ။

ငါး၊ ပုဇွန်၊ ဂဏန်း၊ လိပ်၊ မိကျောင်း၊ ရေ၀က်၊ လင်းပိုင်၊ ဝေလငါး၊ ငါးမန်း စတဲ့ ရေထွက်ပစ္စည်းတွေဟာလည်း ထွက်ရှိနိုင်မှု အင်အားကိုတွက်ပြီး ထုတ်ယူသုံးစွဲတတ်ပါမှ ကြရှည်သုံးစွဲနိုင်မှာပါ။ ဒီရေထွက် သတ္တ၀ါတွေဟာလဲ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ဒီရေတော၊ ပင်လယ်မြက်ခင်း၊ သန္တာကျောက်တန်းစတဲ့ ဂေဟစနစ်တွေနဲ့ ဆက်သွယ်မှီခိုနေရတော့ ဂေဟစနစ်တစ်ခုပျက်စီးသွားရင် ဆက်နွယ်နေတဲ့ ရေသတ္တ၀ါတွေ၊ ပင်လယ်မြက်ခင်းတွေ၊ သန္တာကျောက်တန်းတွေလည်း ပျက်စီးပြုန်းးတီးနိုင်ပါတယ်။ ဒီရေတောတွေက ကြွေကျတဲ သစ်ရွက်၊ သစ်သီးတွေဟာ ငါး၊ ပုဇွန်၊ ဂဏန်းတွေရဲ့ အဟာရ၊ ၄င်းတို့မှီခိုရာ၊ မိတ်လိုက်ရာ၊ ပေါက်ပွားရာဒေသဖြစ်လို့ ဒီရေတောတွေပျက်ပြုန်းသွားရင် ရေထွက်ပစ္စည်းတွေ လျော့ပါးလာ၊ ရှားပါးလာတတ်ပါတယ်။ ဒီရေတောတွေဟာ ရေသတ္တ၀ါတို့ရဲ့ မှီခိုရာ၊ ပေါက်ပွားကြီးထွားရာ ဒေသဖြစ်ရုံမကပါဘူး၊ ဒီကမ်းရိုးတန်းဒေသတော့တွေဟာ ပင်လယ်လှိုင်း၊ လေမုန်းတိုင်း၊ ဆူနာမိစတဲ့ သဘာဝအန္တရာယ်တွေကိုလည်း အကာကွယ်ပေးခြင်း၊ မြစ်ချောင်း ပင်လယ်ဒေသတွေအား ကမ်းပြိုတိုက်စားခြင်းမဖြစ်စေရန် ထိန်းသိမ်းပေးခြင်း၊ လေထုထဲရေထုမှ CO2 နဲ့ အဆိပ်အတောက် အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင်လုပ်ပေးခြင်း၊ မြစ်များကနုံးဖို့တဲ့ မြေတွေကိုလည်း စုစည်းထိန်းပေးခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတော့ အစားထိုးလို့ရတဲ့ သယံဇာတတွေကိုလည်း အမြော်အမြင်ရှိစွာနဲ့ အဓွန့်ရှည်စွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ကြောင်း ရေးသားလိုက်ရပါတယ်။

ဦးအုန်း၊ ညွှန်ကြားရေးမှူး (ငြိမ်း)
သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ။

(အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၇ မှ ကူးယူဖော်ပြပါသည်။)

ပထမဆုံးခြေလှမ်း

ကျွန်မက အစိမ်းရောင်ကို မကြိုက်ပေမယ့် မြတ်နိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိမ်းရောင်ဆိုတာ စိမ်းလန်းစိုပြည်ခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆလို့ပါ။ မိုးရာသီမှာဆိုရင် သစ်ပင်လေးတွေ မိုးရေနဲ့ စိမ်းစိုနေတာကို မြင်ရရင် အရမ်းစိတ်ချမ်းသာပါတယ်။ ဒီလို စိတ်ချမ်းသာမှုမျိုးကို လူသားတိုင်း ခံစားခွင့် ရနိုင်ဖို့ဆိုရင် ကမ္ဘာကြီးတစ်ခုလုံး စိမ်းလန်းစိုပြည်နေမှ ဖြစ်မှာပါ။ ကမ္ဘာကြီး စိမ်းလန်းဖို့က ရာသီဥတု မျှတကောင်းမွန်ဖို့ လိုတယ်မဟုတ်လား။

အခုလတ်တလော ရာသီဥတု ဖောက်ပြန်တဲ့သတင်းတွေကို နိုင်ငံတကာမှာ ကြားနေရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ အခုဆို နွေရာသီ မရောက်သေးတာတောင် နေ့လည်နေ့ခင်းဆို အပူဒဏ်ကို တော်တော် ခံနေရပါပြီ။ `ဥတုရာသီ တောကိုမှီ၏´ ဆိုသလို သစ်တောတွေ ပြုန်းတီးလာတော့ ရာသီဥတုလဲ ဖောက်ပြန်လာတာ မဆန်းပါဘူး။ သစ်ပင်သစ်တောတွေ စိမ်းလန်းနေဖို့ဆိုတာ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ၀ိုင်းဝန်းထိန်းသိမ်းပေးကြမှ ဖြစ်မှာပါ။ ညစ်ညမ်းနေတဲ့ ရေမြေအနေအထားတစ်ခုမှာ အပင်တစ်ပင် ရှင်သန်ကြီးထွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစိမ်းရောင်တွေ ဖုံးလွှမ်းနေတဲ့၊ ရာသီဥတု မျှတကောင်းမွန်တဲ့ ကမ္ဘာမြေကြီးကို ဖန်တီးဖို့အတွက် ကျွန်မတို့ လုပ်ရမှာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါပဲ။ လူတစ်ဦးတစ်ယောက်ချင်းစီက ကိုယ်နေထိုင်ရာ နေရာဒေသတစ်ခုရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မတို့အားလုံး ကမ္ဘာကြီး စိမ်းလန်းစိုပြည်ရေးအတွက် ပထမဆုံးခြေတစ်လှမ်းကို အောင်မြင်စွာ လှမ်းနိုင်ပြီလို့ ဆိုရတော့မှာပေါ့ … ။

Wednesday, February 13, 2008

လူတိုင်းရဲ့ တာဝန်

ကျွန်မ ဆယ်တန်း အောင်ပြီးခါစက အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ ဆရာမက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့ ပိုစတာ ပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီအချိန်က Green Peace လောက်ပဲ နာမည်ကြီး အသင်း အဖွဲ့အဖြစ် ကြားဖူးကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို့ ပြောလိုက်ရင် မီးခိုးတလူလူနဲ့ စက်ရုံခေါင်းတိုင်ကြီးတွေ၊ သစ်ပင်သစ်တောတွေကို မခုတ်ရ၊ ရှားပါးတဲ့ တိရိစ္ဆာန်တွေကို မသတ်ရတို့ စတဲ့ ခေါင်းစဉ်ကြီးတွေကို ပြေးမြင်နေကြတဲ့ အချိန်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူတွေက စီးပွားရေး ကျပ်တည်း ကြတာမို့ ကျုပ်တို့ဖြင့် ထမင်းစားဖို့တောင် အနိုင်နိုင်၊ ကမ္ဘာနဲ့ ချီတဲ့ ပြဿနာတွေ ဂရုမစိုက် အားသေးဘူးတော်ရေ၊ ဗိုက်ပြည့်ဖို့ ပြေးလွှားနေရတယ်လို့ ပြောကြတာမျိုးလည်း ကြားခဲ့ကြရပါတယ်။ အခုနောက်ပိုင်းမှသာ Global Warmingတို့ Climate Changeတို့ ဆိုတာတွေကို တွင်တွင် ကြားလာ ကြရတာပါ။

စကားလုံးတွေကို သာကြားရ ဖတ်ရရုံသာမကပဲ သိသိသာသာ ပြောင်းလဲလာတဲ့ ရာသီဥတု တွေကိုလည်း ကိုယ်တိုင် ခံစားလာကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဆောင်းရာသီများဟာ အရင်ကနဲ့ မတူ မအေးတော့တာကို သိသိသာသာ ခံစားကြဖူးမှာပါ။ ဒါတင်မက ပတ်ဝန်းကျင်မှာ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်ခြင်းရဲ့ ဆိုးကျိုးအဖြစ် မြို့ကြီးတွေမှာ ရေလျှံ ရေကြီးတာတွေကိုလည်း မကြားစဖူး ကြားလာ ကြရပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မီးခိုးခေါင်းတိုင်ကြီးတွေ တလူလူနဲ့ အငွေ့ဆိုးတွေလွှတ်ထုတ်နေတဲ့ စက်မှုနိုင်ငံတွေ၊ သစ်ပင် တွေ ပြုန်းတီးအောင် ခုတ်ရောင်းနေတဲ့ အစိုးရတွေကို ချည်း အပြစ်တင်နေလို့ မဖြစ်တော့ပါဘူး။ သူတို့တွေမှာ တာဝန်တွေရှိကြတာ မှန်သလို လူတိုင်း လူတိုင်း ကလည်း တစ်ဦးတစ်ယောက်ချင်း မိမိတို့ တတ်စွမ်းသမျှ တာဝန်ကိုယ်စီယူကြရမယ့် အချိန်ရောက်နေပါပြီ။ တတ်စွမ်းသမျှလို့ ဆိုတဲ့နေရာမှာ အမှိုက်တွေ စည်းကမ်းတကျ စွန့်ပစ်တာမျိုးကစလို့ စက္ကူတွေ မဖြုန်းတီးတာ၊ တတ်နိုင်သမျှ ပြန်လည်သုံးစွဲတာတွေ၊ ရေ မီး စတဲ့ သဘာဝအရင်းအမြစ်တွေ ချွေတာတာတွေ အမျိုးစုံအောင် ပါ ပါတယ်။ တကူးတက လုပ်ဆောင်ရတာမျိုးမဟုတ်ပဲ မိမိတို့ လက်လှမ်းမီရာလေးတွေကို တစ်ယောက်ချင်း လိုက်နာ ဆောင်ရွက်သွားကြမယ်ဆိုရင် ရလာဒ်က မသေးပါဘူး။ လူတစ်ယောက်ချင်းသာ ဈေးဝယ်တိုင်း ကျွတ်ကျွတ်အိပ် မသုံးပဲ ကိုယ်ပိုင်အိတ်နဲ့ ခြင်းနဲ့သာ သွားကြမယ်ဆိုရင် ကျွတ်ကျွတ်အိပ်တွေ ဘယ်လောက်လျော့ သွားလိုက်လေမလဲ။ အိမ်တိုင်းမှာ မီးသုံးစွဲမှုတွေကို လျှော့ကြမယ်ဆိုရင်လည်း လောင်စာ သုံးစွဲမှုတွေလည်း ဘယ်လောက်တောင် လျော့သွားလိုက်လေမလဲ။ တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်က ရမယ့် အကျိုးဆက်တွေကို ကြည့်ပြီး လူတိုင်းကသာ အရာရာကို အသိစိတ်ထားလို့ လုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုရင် ကမ္ဘာမြေအတွက် ကောင်းကျိုးတွေ အများကြီးရနိုင်မယ် လို့ ယုံကြည်ပါတယ်။

Monday, February 11, 2008

မျက်ရည်များတောင်လည်ရှာတယ်

ဒီဇာတ်လမ်းဆောင်းပါးလေးကို အောင်ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်းမှာတွေ့ကို ဝေမျှလိုက်ပါတယ်။ ပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် စိမ်းလန်းကမ္ဘာ လို့ခေါ်တဲ့အဖွဲ့လေးကနေပြီး ကြိုးစားထုတ်နေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ အဓိကလိုအပ်နေတဲ့ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးရင်း ကမ္ဘာကြီးအတွက် အစိမ်းရောင် အိပ်မက်များမက်နိုင်ဖို့ရာအတွက်ပါ…
-------------------------------------------------------------

ကျွန်တော်သည် နိုင်ငံခြားသင်္ဘောလိုက်ရာမှ မြန်မာပြည်ကို ပြန်ရောက်လာပြီဆိုလျှင် မွေးရပ်ဇာတိရှိရာ ရခိုပြည်နယ်ကိုတစ်ခေါက် အရောက်ပြန်လေ့ ရှိသည်။ ဒီတစ်ခေါက် နိုင်ငံခြားက ပြန်ရောက်တော့လည်း ရွာကိုပြန်သွားပါသည်။

ရွာကိုပြန်သည့်ရည်ရွယ်ချက်က ရွာမှာကျန်နေသေးသည့် အဒေါ်ကို သွားရောက်ကြည့်ရှုလိုသည်။ အသက်ရှင်လျက်ရှိနေကြသေးသည့် ဘုန်းကြီးကျောင်းနေဖက် သူငယ်ချင်းတွေကို တွေ့ချင်သည်။ ရွာသုဿာန်မှာ ဂူသွင်းမြုပ်နှံထားသည့် အဘိုးနှင့်အဘွား၏ အုတ်ဂူကို ကန်တော့ချင်သည်။ ဒီန္ဒတွေဖြင့် ရွာကိုပြန်ရောက်သွားသည်။

ကျွန်တော်ရွာကို ရောက်လာသည်ဆိုသည့် သတင်းကို ကြားကြသည့် ဘုန်းကြီးကျောင်းနေဖက် သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြသည်။ ထမင်းခေါ်ကျွေးကြသည်။

ဟို… လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ဘုန်းကြီးကျောင်းမှာ အတူတူနေခဲ့ကြသော သူငယ်ချင်းတစ်ချို့ ချမ်းသာနေကြတာတွေ့ရလို့ မုဒိတာမွားမိပါသည်။ ၀ါးထရံကာ၊ ဓနိမိုးအိမ်ဖြင့်နေခဲ့ကြရမှ တိုက်အိမ်ဖြင့် နေနိုင်သည့်အဆင့် ရောက်နေကြသည်။

အိမ်ခေါင်မိုးပေါ်မှာ ရှစ်ပေအကျယ်ဂြိုလ်တုစလောင်း တပ်ဆင်ထားသည်။ အပေါ်စက်၊ အောက်စက်သုံးနိုင်ကြသည်။ ကုန်တင်ကားကြီးနှင့် မော်တော်ဆိုင်ကယ်ပိုင်နေကြသည်။ မီးစက်နှိုးပြီး ညဘက်မှာ ဧည့်သည်ကကို ထမင်းကျွေးနိုင်သည်။ အတော်အဆင့်မြင့်နေကြသည်။

`သူငယ်ချင်းတို အခုလိုချောင်လည်ချမ်းသာနေကြတာမြင်လို့ ၀မ်းသာတယ်ကွာ၊ ဘယ်လိုစီးပွားရေးလုပ်လို့အခုလို ချမ်းသာကြတာလဲ ပြောကြပါဦး´

`တို့အရပ်ဒေသမှာ ရေလုပ်ငန်းပဲရှိတာပဲ။ ငါးဖမ်းတာပေါ့ကွာ´

`ဟေ့… တယ်ဟန်ကျပါလား၊ ဘယ်လို ငါးမျိုးတွေကိုဖမ်းတာလဲ´

`ပင်လယ်ထဲမှာ တွေ့သမျှငါးပုဇွန် ကုန်ဖမ်းတယ်´

`ဟဲ့ ဘယ်လိုကိရိယာနဲ့ ဖမ်းလို့ တွေ့သမျှဖမ်းလို့ရတာလဲကွဲ့´

`ဟာ… ဟေ့ကောင်ရာ၊ ငါတို့ဆီမှာ ဂျမ်းပိုက်ဆိုတာရှိတယ်၊ အကွက်စိပ်စိပ်ကလေးနဲ့ အလွန်ခိုင်တဲ့ ပိုက်ပေါ့၊ အဲဒီ ပိုက်နဲ့ချပြီး ဖမ်းလိုက်လျှင် သာမန်ငါး ပုဇွန်တွေသာမက၊ ဝေလငါးကစပြီး မိကျောင်း၊ ဖွတ်၊ ပုတတ်၊ လိပ်၊ ပုဇွန်နဲ့ ခရု၊ ကဏန်းပါမကျန် အကုန်ပါလာတာပဲ´

`အဲဒီ ရေသတ္တတွေ ဘာလုပ်ပစ်သလဲ´

`ဟာ… ဒီမှာ အ၀ယ်ဒိုင်ဖွင့်ထားတာရှိတယ်၊ ပင်လယ်ထဲက ဖမ်းလို့ရတာမှန်သမျှကို အကုန်ဝယ်တယ်၊ သူ့ဈေးနဲ့သူပေါ့၊ အအေးခန်း ကွန်တိန်နာကားကြီးနဲ့ သယ်ယူသွားပြီး မူဆယ်ကို ပို့တယ်ဆိုလား မသိပါဘူး၊ သူ့ဟာသူဘယ်ပို့ပို့၊ ငါတို့ အလုပ်မဟုတ်ပါဘူး။ ငါတို့ဖမ်းလို့ရသမျှဝယ်ဖို့ပဲ အရေးကြီးတယ်´

မြန်မာ့ပင်လယ်ပြင်က ရေးသတ္တ၀ါတွေကို အကုန်ဖမ်းပြီး ရောင်းစားလို့ချမ်းသာနေကြသည့် သူငယ်ချင်းတွေကိုကြည့်ပြီး သတိရလာသည်။

လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားကြသည့်နိုင်ငံတွေကို သတိရလာသည်။ ဂျပန်သည် သူ့နိုင်ငံပိုင်ရေပြင်က ငါးတွေကို ပြည်တွင်းစားသုံးမှုအတွက်သာ တစ်နိုင်တစ်ပိုင်ဖမ်းဆီးခွင့်ပြုသည်။ ပြည်ပကို ရောင်းချရန် သူ့နိုင်ငံက ရေသတ္တ၀ါတွေကို လုံးဝဖမ်းဆီးခွင့်မပြု၊ ဂျပန်တစ်နိုင်ငံလုံး လုံလောက်အောင်စားဖို့ ငါးတွေကို အမေရိကန်၊ နော်ဝေ၊ နယူးဇီလန် နိုင်ငံထံမှ ၀ယ်ယူသည်။

အဲလိုဝယ်ယူနိုင်အောင် ပိုက်ဆံဘယ်ကရသနည်းလို့ မေးစရာရှိပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုမျိုးစုံက နိုင်ငံခြားဝင်ငွေရပါသည်။ သူများနိုင်ငံက ၀ယ်ယူသည့်ငါးကို စည်သွတ်ဘူးလုပ်ပြီး ပြည်ပကိုပို့သည်။

ဂျပန်သည် သူ့နိုင်ငံပိုင် သစ်ဝါးကို ခုတ်လှဲပြီး ပြည်ပကိုပို့ဖို့ဆိုတာ အသာထားလို့ သစ်ကိုပြည်တွင်းမှာပင် ခုတ်လှဲခွင့်မပြု၊ ၀ါးကိုသာ အနည်းအကျဉ်း ခုတ်ခွင့်ပြုသည်။ သူများနိုင်ငံက ၀ယ်ယူသည့်သစ်မျိုးစုံကို ပရိဘောဂမျိုးစုံလုပ်ပြိး ပြည်ပကိုတင်ပို့ ရောင်းချသည်။

ရေနံစိမ်းတွေကို ၀ယ်ယူတင်သွင်းပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်တွေဖြစ်အောင်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေရအောင်ရှာသည်။

အမေရိကန်သည် သူ့နိုင်ငံမှာ တောထအောင်ပေါက်လို့ သတ်မနိုင်သည့် ထင်ရှုးပင်တွေကိုသာ ခုတ်ရောင်းသည်။ ဒါတောင်မှ စနစ်တကျအကွက်ချပြီး ခုတ်လှဲသည်။ တစ်နေရာမှာ ခုတ်လှဲနေစဉ် တစ်နေရာမှာ ပြန်စိုက်နေသည်။

အလာစကာပြည်နယ်ထဲက ရဲစခန်းလည်းမရှိ၊ အုပ်ချုပ်ရေးရုံးလည်းမရှိသည့် ဒက်ခ်ျဟာဘာဆိုသည့်တောရွာလေးတစ်ရွာမှာ ကဏန်းဖမ်းနေသည့် လူငယ်တစ်ယောက်ကို တွေ့ဖူးသည်။ လူငယ်သည် သူဖမ်းလို့မိသည့် ကဏန်းကိုပေတံဖြင့်တိုင်းသည်။ ခြောက်လက်မပြည့်သည့် ကဏန်းကိုသာယူသည်။ မပြည့်သည့်ကဏန်းကို ရေထဲပြန်လွှတ်ပေးလိုက်သည်။ ခြောက်လက်မပြည့်မှသာ ဖမ်းယူရမည်ဆိုသည့် ဥပဒေကို လိုက်နာစိတ်က မွေးရာပါဖြစ်ပြီး ခေါက်ရိုးကျိုးနေခြင်းဖြစ်သည်။

ကျွန်တော်တို့ သင်္ဘောသည် အလာစကာပြည်နယ်ကဖမ်းလို့ရသည့်ငါးတွေကို သယ်ယူပြီး ဂျပန်နိုင်ငံကို အခေါက်ပေါင်းများစွာ ပိုပေးခဲ့ရသည်။ တစ်နေ့မှာ ဒေသကိုယ်စားလှယ်က ပြောသည်။

`ခင်ဗျားတို့ နောက်တစ်ခေါက် လာစာမလိုတော့ဘူး၊ အလာစကာပြည်နယ် ရေပြင်မှာ ငါးဖမ်းရာသီကုန်သွားပြီ၊ ခြောက်လတိတိ ငါးမဖမ်းရတော့ဘူး´

`ဖမ်းလျင်ဘာလုပ်မလဲခင်ဗျာ´

`ကြီးလေးတဲ့ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်ချခံရမယ်´

ကျွန်တော့်သူငယ်ချင်းတွေသည် ပညာမတတ်သည့် တောသူတောင်သားတွေဖြစ်သည်။ သူတို့သည် ဒီရွာမှာမွေး၊ ဒီရွာမှာနေ၊ ဒီရွာမှာသေကြမည့် သူတွေဖြစ်သည်။ ဘယ်နိုင်ငံကိုမှ မရောက်ဖူး၊ ဘာမှမသိလို့ တိုင်ပြည်ရဲ့ သယံဇာတပြုန်းတီးမှုဆိုတာတွေကိုမသိလို့ ဘာမှမခံစားရဘဲ ပျော်နေကြသည်။ ကျွန်တော်သာ ဒီရွာမှာမွေး၊ ရန်ကုန်မှာကြီး၊ နိုင်ငံပေါင်း (၆၅) နိုင်ငံကို ရောက်ဖူးလို့ ဗဟုသုတတွေရ်ပြီး (စိတ်)ခံစားနေရပါသည်။

အဏ္ဏ၀ါစိုးမိုး


Sunday, February 10, 2008

ရွေးချယ်စရာလမ်း

စိတ်ဝင်စားစရာကောင်းတဲ့ ဒီဗီဒီယိုလေးကို Youtube မှာ တွေ့လို့ မျှဝေလိုက်ပါတယ်။ မိတ်ဆွေတို့လည်း သဘောတူ ထောက်ခံတယ်ဆိုရင် ဆက်ပြီး မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Friday, February 8, 2008

အစိမ်းရောင်

မြန်မာစကားမှာ အစိမ်းရောင်ကို အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကြပါတယ်။ စိမ်းကားတယ်တို့ စိမ်းရန်ကော တို့လို မကောင်း တဲ့ဘက်က စိမ်းတာတွေ ရှိသလို စိမ်းစိုခြင်း စိမ်းလန်းခြင်းဆိုတဲ့ ကောင်းတဲ့ စိမ်းတာတွေလည်း ရှိပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အစိမ်းရောင်ကတော့ ကျွန်မတို့နေတဲ့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာကြီး တစ်ခုလုံး စိမ်းလန်း စိုပြည် လှပနေစေဖို့ ပါပဲ။ ဒီလို စိမ်းလန်းစိုပြေနေတဲ့ ပတ် ၀န်းကျင်ကို ထိန်းသိမ်းထား နိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ယနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တွေဟာ တစ်ဦးတစ်ယောက်တည်း အသင်းအဖွဲ့ တစ်ခုတည်းက ဖြေရှင်းပေးလို့ မရနိုင်ပေမယ့် အားလုံး လက်တွဲ ဖြေရှင်းသွားမှ ရမယ့် ပြဿနာတွေပါ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို သူ့နိုင်ငံကြောင့် ကိုယ့်နိုင်ငံကြောင့်ရယ်လို့ နိုင်ငံ နယ်နိမိတ်တွေ ခွဲခြား လက်ညိုးထိုးနေကြမယ့် အစား ကမ္ဘာ့ နိုင်ငံသားတွေအဖြစ် အမြင်ကျယ်ကျယ် ထားပြီး စဉ်းစားရမယ့် အချိန်ရောက်နေပါပြီ။ တကယ်တော့ ကျွန်မတို့အားလုံး ဒီကမ္ဘာမြေပေါ်မှာ အတူတူ နေထိုင်ကြတာပဲ မဟုတ်လား။ ဒီတော့ ရည်ရွယ်ချက် ကြီးကြီး လုပ်နိုင်တဲ့ သူတွေ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းကြီးကြီးတွေ လုပ်ကြ၊ တစ်ဦးတစ်ယောက်ချင်းကလည်း တတ်နိုင် တာလေးတွေ တာဝန်သိသိ ၀ိုင်းဝန်း လုပ်ဆောင်ကြရင်း ကမ္ဘာကြီးကို အမှန်တကယ် ချစ်တာ ပြကြရ အောင်လား။ ကောင်းသော စိမ်းလန်းခြင်းတွေ မြန်မာ့မြေမှာသာမက ကမ္ဘာနဲ့တ၀န်းမှာ ပျံ့နှံ့ စေပါစို့လား။

Thursday, February 7, 2008

မိတ်ဆက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးမှာ တစ်တပ်တစ်အား ပါဝင်ချင်လို့ ဒီဘလော့ဂ်လေးကို ဖန်တီးတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ပါတ်သက်သော အကြောင်းအရာများ၊ ပြဿနာများ၊ ဖြေရှင်းရန် နည်းလမ်း များအပြင် မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်း၊ ဆောင်းပါးတို့ကို တတ်အားသ၍ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။