Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Saturday, March 20, 2010

သဘာဝ ပတ်ဝန်းကျင် ပြသနာများ




(Myanmar Geology Friends website မှတဆင့် Weekly Eleven, No.49-vol.3, 24 Sep 2008 ပါဆောင်းပါးကို ကူးယူဖေါ်ပြပါသည်။)

Monday, July 28, 2008

ဂျူးပြောသွားတဲ့ “နာဂစ်နဲ့ သဘာဝပတ်ဝန်းကျင်”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဆရာမဂျူးရဲ့ ဟောပြောပွဲတစ်ခုအကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဟောပြောတဲ့ခေါင်းစဉ်က “နာဂစ်နှင့် သဘာဝပတ်ဝန်းကျင်”ပါ။ အဲဒီဆောင်းပါးမှာ ဟောပြောပွဲမစတင်မီ တွေ့ဆုံမေးမြန်းသူကို ဆရာမဂျူး ဖြေကြားသွားတဲ့ အကြောင်းအရာတွေကို အားလုံးသိရအောင် ပြန်လည်ဖော်ပြပေးပါရစေ။

နာဂစ်နှင့် သဘာဝပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင်အပေါ် အမြင်နဲ့ပတ်သက်ပြီး “သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အရင်က စာအုပ်တွေ ရေးခဲ့ဖူးတယ်။ “ကျွန်မချစ်သော မြို့တစ်မြို့” နဲ့ “ကျွန်မချစ်သောနိုင်ငံ” စာအုပ်တွေပါ။ ဟောပြောပွဲတွေလည်း ပြောခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် လူတိုင်း စိတ်ဝင်စားသင့်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို လူတွေ သိကြပေမယ့် သဘာဝပတ်ဝန်းကျင်အပေါ် လူတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတယ်။ မကြာခင်က ကျွန်မတို့နိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့တာ ကြုံတွေ့ခဲ့ကြရတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုရဲ့ အကျိုးဆက်တွေပါပဲ။ လူတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီးလာတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလာမှုကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှု၊ ရေလွှမ်းမှု၊ မိုးခေါင်မှု၊ အပူလှိုင်းကျရောက်မှု၊ အအေးလှိုင်းကျရောက်မှု စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာခြင်း ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။

သင်ခန်းစာ

နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်းရဲ့ နောက်ပိုင်းမှာ ကြုံတွေ့ရယူသင်တဲ့ သင်ခန်းစာတွေ အပေါ်မှာလည်း “နာဂစ်မုန်တိုင်းကြောင့် ဆိုးကျိုးနဲ့ယူရမယ့် သင်ခန်းစာတွေက အများကြီးပါ။ အဓိကအနေနဲ့ကတော့ ဆုံးရှုံးမှုနဲ့ ရယူသင့်တဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေကတော့ သိတဲ့အတိုင်းပါပဲ။ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ၊ လူမှုအသိုင်းအ၀ိုင်းတွေကအစပေါ့။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။ စိတ်ပိုင်းဆိုင်ရာတွေအနေနဲ့ အများကြီး ထိခိုက်ခံစားခဲ့ကြရတာပါပဲ။ သင်ခန်းစာယူသင့်တာကတော့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းကြဖို့ပါပဲ။ ဒီလိုမုန်တိုင်းတွေဖြစ်တဲ့ သဘာဝဘေးတွေဟာ တားဆီးဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီလို သဘာဝဘေးအန္တရာယ်က သက်သာအောင်တော့ လူတွေ ၀ိုင်းဝန်းလုပ်ဆောင်လို့ ရပါတယ်။ လေဒဏ်၊ မိုးဒဏ်နဲ့ ပင်လယ်ဒီရေတွေကို ဟန့်တားနိုင်ဖို့ ဒီရေတောတွေ ထိန်းသိမ်းရပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။

ဝိုင်းဝန်း

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင်နဲ့ ပတ်သက်ပြီးတော့လည်း “လူတွေအနေနဲ့ တစ်နိုင်ငံတည်း မဟုတ်ဘဲ နိုင်ငံတိုင်းမှာပါ စွမ်းအင်သုံးစွဲမှုတွေ ချွေတာကြရမယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ အတတ်နိုင်ဆုံး လျှော့ချရမယ်။ သစ်တောသစ်ပင် ခုတ်လှဲမှုတွေကို ဟန့်တားကြရမှာပါ။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် စီးပွားရေးလုပ်ငန်းတွေကို စိစစ်ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီရေတောတွေ တိုးပွားနိုင်အောင်လည်း ဆောင်ရွက်ကြရမှာပါ။ ဒါတွေအားလုံးဟာ တစ်ဦးတစ်ယောက်တည်း ပြုလုပ်လို့ရတာ မဟုတ်ပါဘူး။ အားလုံးက အသိစိတ်ဓါတ်ရှိရှိနဲ့ ၀ိုင်းဝန်းဆောင်ရွက်သွားမှ ရပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။

ကျွန်မတို့ဆီက စာပေအနုပညာရှင်တွေထဲမှာတော့ ဆရာမဂျူးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး တော်တော်လေး လှုံ့ဆော်တိုက်တွန်းပေးတဲ့သူတစ်ယောက်ပါ။ သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်းထိန်းသိမ်းပေးကြဖို့၊ ကမ္ဘာမြေကြီးကို ချစ်ခင်စောင့်ရှောက်ကြဖို့ ကလောင်တစ်လက်နဲ့ ရေးသားအသိပေးနေတဲ့ သူတစ်ယောက်ဆိုရင်လဲ မမှားပါဘူး။ အရင်က ကျွန်မဖတ်ဖူးတဲ့ ဆရာမဂျူးရဲ့ ဆောင်းပါးလေးတွေကိုလဲ အချိန်ရရင် ပြန်လည်ရှာဖွေပြီး ဝေမျှပေးပါဦးမယ်။

Saturday, March 8, 2008

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

ညီမလေး ဆုဝေက စိမ်းလန်းဘလော့မှာ ပြန်လည်မျှဝေဖို့ ပို့ပေးလိုက်တဲ့ ဆရာမ ခင်မြဇင် ချင်းတွင်း မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

နေရောင်က ကြဲကြဲတောက် ပူလောင်လှသည်။ တစ်ဖက်ကမ်းမှ စက်များ၏မြည်သံက မိုးခြုန်းသံကြီးများသဖွယ် တဂျုန်းဂျုန်း တဂြိမ်းဂြိမ်း ဆူညံလျက် တစ်စက္ကန့်မှ ပြတ်လပ်မသွား။
မရပ်မနား ဒလစပ် မြည်နေ၊ ဟီးနေလိုက်ပုံက အာရုံကြောတို့ကို ထိခိုက်အောင်ပင် ပူသည့် နေရောင်ကြောင့် ဆူဝေေ၀ဖြစ်နေသော ဦးနှောက်ကို နားမခံသာစရာ အသံဗလံတို့က နှောင့်ယှက်လိုက်ပြန်သဖြင့် အမလေးတပြီး ထွက်ပြေးချင်စရာ ကောင်းနေခဲ့သည်။
ကဲ ကြည့်စမ်း ဒီလှေဆိပ် ရေဆင်းတံတားလေးပေါ်မှာ ရပ်နေသည်မှာ ငါးမိနစ်ပင် မပြည့်သေးပါလား။
ဂျူရိုမြစ် ( Duro River )ကို လေ့လာဖို့ ခေါ်လာသည့် အဖွဲ့မှလူတွေ ရှင်းပြသံက မကြားတစ်ချက် ကြားတစ်ချက်။
မြစ်ရေက မီးခိုးရောင် တရွေ့ရွေ့ စီးဆင်းနေသည်။
ပင်လယ်ဆီသို့ စီးဝင်သည့် မြစ်တစ်စင်းဖြစ်ပြီး ကျွန်မတို့ ရပ်နေကြသည့် နေရာမှာ ပင်လယ်ဝကို မြင်နေရသည့် နေရာလည်း ဖြစ်သည်။ ပင်လယ်ဆီက ခပ်ပြာမှိုင်းမှိုင်း၊ ခပ်လှမ်းလှမ်းတွင် လှေတစ်စင်းတစ်လေကို လှမ်းမြင်နေရသည်။
မြစ်ထဲက သဲတွေက အမဲရောင် …
မြစ်သည် အမှုန်အနည်များဖြင့် သန့်ရှင်းမှုမရှိ။ လေးလံအိတွဲစွာ စီးဆင်းနေပုံကလည်း သူ၏ရှင်သန်မှုတို့ ပျက်ယွင်းခဲ့ရပုံကို ဖော်ပြနေခဲ့သည်။
တစ်ဖက်ကမ်းမှ ဒီရေရောက် တောအုပ်ကလေးဆီ ငေးကြည့်မိသည်။ ထိုနေရာမှာတော့ အရိပ်ကြောင့် စိမ်းမှောင်မှောင် …
ကိုက် ၂၀ ခန့်သာ ကျယ်ဝန်းသည့်မြစ်၏ ဟိုဖက်ကမ်း လတာပြင်ပေါ်မှာ နေရောင်တစ်ပိုင်း ကျနေသည်။
မရပ်မနားစက်သံများက ခေါင်းကိုက်အောင် ပြုလုပ်နေဆဲ၊ နားကွဲမတတ် ဆူညံနေဆဲ။ စက်သံများကို ကြားကြားချင်း ဟိုဖက်ကမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်းကြီးတစ်ခုများ ရှိသလား ထင်မှတ်ခဲ့ရသည်။ ကြောက်ခမန်းလိလိ အသံများမှာ အခြားမဟုတ်ပါ။ လွတ်လပ်သော စက်မှုဇုန်မှ သံမဏိစက်ရုံများနှင့် အခြားစက်ရုံများ၏ အော်သံမြည်သံများပါ။
ကမ်းနားမှာ ဆိုက်ကပ်ထားသည့် စက်လှေကလေးတွေက ဆေးပျက်ပြယ်၍ အိုဟောင်းနေသည့်လှေတွေ ရေစူးမှတ်သည့် ဖော့များပေါ်မှ ရောင်စုံအလံကလေးများမှာလည်း အရောင်လွင့်ပြယ်လျက်။
ကမ်းနားတွင် ခရုသေများ၏ အပုပ်နံ့ကလည်း တထောင်းထောင်း ထနေသည်။ ဆူနာမီနှင့်အတူ ပါလာသည့် ခရုများမှာ ယခုထိ ဆယ်လို့မကုန်နိုင်လို့ ပြောကြသည်။ ခရုများမှာ ဂုံးခရုနှင့် စေတီပုံ ခရုငယ်များ ဖြစ်သည်။
ဂျူရိုမြစ်သည် ကွာလာဂျူရိုခေါ် ရွာကလေးအနီးမှဖြတ်၍ ပင်လယ်ထဲသို့ စီးဆင်းသည်။ အထက် (၇)မိုင်ခန့်တွင်လည်း ရွာတစ်ရွာရှိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံ ပီနန်ကျွန်းအနီး ကျွန်းမကြီးဆီမှ တံငါရွာကလေးများသို့ လိုက်ပို့မည့် အစီအစဉ်ကို မနက်ခင်းကပင် စိတ်ဝင်တစား ရှိခဲ့သည်။
ယခုတော့ စူးရှရှနေရောင်၊ ဆူညံလွန်းသည့် အသံဗလံများနှင့် အပုပ်နံ့တထောင်းထောင်း ခရုများ။
( ၂ )
၁၉၇၈ ခုနှစ်လောက်က ဂျူရိုမြစ်ထဲမှ ငါးတွေတထောကြီး ဖမ်းမိခဲ့ကြသည်။ ငါးသေတွေလည်း မြစ်ထဲမှာ ပေါလောပေါ်လျက် မြစ်တစ်ခုလုံး ငါးတွေနှင့် ဖွေးနေကြသည်။ ထိုငါးတို့ကို တစ်ရွာလုံး ၀မ်းသာအားရ သယ်ယူခဲ့ကြသည်။ ဒိုင်သို့သွား၍ သွင်းခဲ့ကြသည်။ ဒိုင်များက ငါးများကိုကောက်ကာ မြို့ဈေးသို့ သွားသွင်းကြသည်။
အိမ်ရှင်မတွေ၊ လင်ယောက်ျားအပြန် ငါးဖိုးတွေရဖို့ မျှော်လင့်ကြသည်။ ဒိုင်တွေကလည်း မြို့ရှိဈေးကွက်သို့ ဖြန့်ပြီးမှ ပြန်ရှင်းပေးကြမည်။
မြို့ဈေးမှာလည်း ထိုနေ့အဖို့ ငါးတွေပေါမှပေါ၊ အိမ်ရှင်မတွေ ငါးဟင်းချက်ဖို့ ၀ယ်ယူသွားပြီး ငါးကိုဗိုက်ခွဲလိုက်တော့ ငါးတို့၏ခန္ဒာကိုယ်ထဲက အမည်းရောင် ဓာတုပစ္စည်း အဆိပ်ရည်များနှင့် ပုပ်အဲ့အဲ့ အနံ့များ၊ အိမ်ရှင်မတွေက ဈေးသည်တွေကို စိတ်ဆိုးကြသည်။ ဈေးသည်ကို ရန်တွေ့ပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုကြသည်။
မစားကောင်းသည့်ငါးတွေကို ညာရောင်းသဖြင့် ဒေါသဖြစ်ကြရသည်။ ထိုနေ့အဖို့ ရွာကအိမ်ရှင်မတွေလည်း လက်ချည်းဗလာ ပြန်လာခဲ့ကြသော ခင်ပွန်းတို့နှင့် ရင်ဆိုင်ရသည်။ 'ဒိုင်တွေက ပိုက်ဆံရှင်းမပေးလိုက်။
ထိုအချိန်မတိုင်မ်ီအထိ မြစ်ရေထဲမှာ ဓာတုအဆိပ်တို့ သင့်ခဲ့ပြီဖြစ်ကြောင်း တိတိပပ မသိခဲ့ကြပေ။ ထိုမှစ၍ ဂျူရိုမြစ်အတွင်း ဓာတုအဆိပ်သင့်မှု ပြဿနာသည် တစ်ကမ္ဘာလုံးသိသော ပြဿနာဖြစ်လာခဲ့ပြီး ဂျုရိုမြစ်သည် သေနေသောမြစ်တစ်စင်း ဖြစ်ခဲ့ရသည်။
ကွာလာဂျူရိုရွာကလေးမှာ တံငါရွာဆိုသော်လည်း ခယိုးခယိုင် တဲအိုများနှင့် ရွာမျိုးမဟုတ်။ အိမ်တွေက တောင့်တောင့်တင်းတင်း၊ ကားတွေ ဆိုင်ကယ်တွေနှင့် စီးပွားဖွံ့ဖြိုးခဲ့သော ရွာကလေးဖြစ်သည်။
လူဦးရေ ၇၀၀ ကျော်ရှိသည်။ ရွာ(၂)ရွာကို ဖြတ်စီးဆင်းသည့် ဂျူရိုမြစ်၏ ရေအရောင်လည်း ညစ်မွဲမွဲ ဖြစ်လာခဲ့သည်။
" ငါးတစ်ကောင်မှ မရတော့ "
မြစ်ထဲမှာ ငါးတွေမရှိတော့ပေ။
၁၉၇၈ ခုနှစ်လောက်က ဓာတုအဆိပ်သင့်မှု ပြဿနာကို အရေးယူပေးရန် ရွာသားများက ခက်ခက်ခဲခဲပင် တာ ၀န်ရှိသူများထံ တင်ပြခဲ့ရသည်။
ပီနန်မြို့ရှိ စားသုံးသူများအသင်းကလည်း ထိုပြဿနာကို စိတ်ဝင်တစား ရှိခဲ့သည်။ စားသုံးသူများအသင်းမှ ရှေ့နေများနှင့် ကျွမ်းကျင်သူများက ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ရွာသားများကို ကူညီခဲ့ကြသည်။ သက်ဆိုင်ရာက စက်ရုံများသို့ ဓာတုပစ္စည်း၊ အညစ်အကြေးများကို မြစ်ထဲသို့ တိုက်ရိုက်စွန့်မပစ်ဘဲ စစ်၍ သန့်စင်သည့်စက်များဖြင့် သန့်စင်ပြီးမှ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့တိုင် တစ်ချို့စက်ရုံများကသာ လိုက်နာခဲ့ကြသည်။ ဂျူရိုမြစ်ကမ်းဘေးတွင် သံမဏိစက်ရုံ၊ သကြားစက်ရုံ၊ ဆန်စက်ရုံနှင့် အမျိုးမျိုးအစားစားသော စက်ရုံများက ၀န်းရံနေခဲ့သည်။
သို့ဖြင့် ၂၀၀၆ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။
တံငါရွာကလေး၏ လူမှုဘ၀ပုံစံလည်း ပြောင်းလဲသွားခဲ့ရသည်။
( ၃ )
ရွာမှကလေးငယ်များမှာ ရွာအ၀င် ကစားကွင်းတွင် ပိုက်ကျော်ခြင်း ကစားနေကြသည်။ ၁၄-၅ နှစ်အရွယ် ကလေးများဖြစ်သည်။ ခြေဖြင့်ခတ်နေကြသည့် ခြင်းဝိုင်းတစ်ဝိုင်းလည်း တွေ့ရသည်။ အတန်ငယ်သည့် ကလေးတစ်ချို့က ဆီးဆောစီးကာ တစ်ချို့က ဒန်းလေးစီးကာ ဆော့ကစားနေကြသည်။
မြင့်မားသည့် ကျောက်တောင်ကြီးက ရွာကလေးကို စီးမိုးထားခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်မတိုင်မီကဆိုလျှင် ကွာလာဂျူရို ရွာကလေးသည် သဘာဝအရင်းအမြစ် ကြွယ်ဝသည့် ရွာကလေးဖြစ်ခဲ့သည်။ ကွာလာဂျူရို ရွာသားတို့ စီးပွားရေးကောင်းခဲ့ကြသည်။ ဗီယက်နမ်မှပင် သူတို့ရွာကလေး၏ ငါးဖမ်းလုပ်ငန်းကို လာလေ့လာကြရသည်ဟု ဆိုကြသည်။
ယခုတော့ မိဘများ၏ စီးပွားရေး ဘ၀အရိပ်သည် ထိုကလေးငယ်များအပေါ်သို့ ၄င်းတို့၏ ရွာကလေးအပေါ် စီးမိုးနေသည့် ကျောက်တောင်ကြီးသဖွယ် အုပ်မိုးနေပြီလားလို့ ကျွန်မ တွေးနေမိသည်။
ဂျပန်ပြည်မှာတော့ မြစ်ငါးတို့သည် ဓာတုအဆိပ်သင့်နေသဖြင့် ရေချိုငါးကို မစားကြရတော့ကြောင်း ဖတ်ရဖူးသည်။ တရုတ်ပြည်မှ ယန်စီမြစ်မှာလည်း မြစ်ကမ်းဝဲယာမှ စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်လာသဖြင့် မြို့ပေါင်း ၂၀၀ ကျော်မှာ သောက်သုံးရေရှားပါးမှု ဖြစ်လာတော့မည့်အကြောင်း ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည်။
ဖြစ်ပြီးမှ ပြုပြင်ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါလား တွေးရသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးမှုနှင့်အတူ မြို့ပြတွေ ဖွံ့ဖြိုးလာခဲ့ကြသည်။ သို့သော် မြစ်တွေ ချောင်းတွေ ထိုရေထဲက သက်ရှိတွေကိုတော့ မစဉ်းစားခဲ့မိကြပါလား။
ဂျူရိုမြစ်ထဲမှာ ပင်လယ်ဝမှာ ငါးရှာရင်း ဆားငန်လေကို ရှူရှိုက်ကာ လွတ်လပ်စွာ အသက်မွေးနိုင်ခဲ့သော တံငါသည်တို့နှင့် ယင်းတို့၏မျိုးဆက်များသည် တစ်မြို့တစ်ရွာ ပြောင်းသူပြောင်း၊ စက်မှုဇုန်ရှိ စက်ရုံများဆီသို့ အလုပ်သမား သွားလုပ်သူလုပ်၊ အသက်မွေးမှု ပုံသဏ္ဍာန် ပြောင်းလာသလို မြစ်၏ အဆိပ်သင့်မှု ပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ မစဉ်းစားနိုင်ကြတော့ပေ။ တစ်ကိုယ်စာ ၀မ်းရေးအတွက် အဖြေရှာရင်း ရွာသားတွေလည်း စည်းလုံးညီညွတ်မှု မရှိတော့ဟု ဆိုသည်။ ကျွန်မတို့ကို လိုက်ပို့ခဲ့သော စားသုံးသူအသင်းမှ အမျိုးသမီးကြီးသည် အဆိပ်သင့်မှုကို ကာကွယ်ဖို့ ညီညွတ်ခဲ့ကြသော အတိတ်ကို ပြန်လည်သတိရနေသယောင်ယောင် … ။
( ၄ )
" ငါးကြင်းတွေဆန် ငါးဒန်တွေ သောင်ခြေ … ဦးမှာလလေး "
ယမုံနာပတ်ပျိုးထဲမှ တေးသွားတစ်စ နားထဲမှာ ကြားယောင်လာသည်။
ကျွန်မတို့၏ ဇာတိမြို့ကလေးက ဧရာဝတီမြစ်ကမ်းမှာ ထိုသီချင်းသံကို ကြားရတိုင်း ဘာကြောင့်မှန်းမသိ လွမ်းရတတ်သည်။
မနက်တိုင်း ဈေးထဲမှာ ငါးကြင်းတွေ၊ ငါးကျောင်းတွေ၊ ငါးဒန်တွေ၊ ငါးမြင်းတွေ လတ်လတ်ဆတ်ဆတ် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာသို့ ဘုရားဖူးလာတတ်သည့် ဧရာမငါးကြီးများ …
မြစ်ကမ်းသောင်စပ်မှာ ညနေခင်း၏ နေရောင်အောက်တွင် နားနေကြသည့် ဟင်္သာငှက်များ …
ဂျူရိုမြစ်က ကျွန်မတို့နှင့် အဝေးကြီးမှာ။ မလေးရှားသို့ မရောက်ခင်အထိ သူရှိမှန်း ကျွန်မ မသိခဲ့ပါ။ ဂျူရိုမြစ်ကမ်းကအပြန် ကားပေါ်တွင် ဧရာဝတီကို သတိရနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်က ပဲခူးမြစ်ကမ်းဘေး မြို့ကလေးမှာ နေခဲ့ရပုံကိုလည်း သတိရမိသည်။ ညဉ့်ဆိုလျှင် ပုဇွန်ဖမ်းမော်တော်ကလေး၏ စက်သံသဲ့သဲ့ ကြားရသည်။ မနက်ပိုင်းတွင် မြို့ကလေးကို လှည့်လည်၍ ရောင်းတတ်သည်။ ဈေးသည်၏ ဈေးဗန်းထဲမှ စိမ်းစိမ်းလတ်လတ် ပုဇွန်ထုပ်များ။ မြစ်တွေ ချောင်းတွေက မြေဆီအနှစ်ကျ၍ သောင်တို့ပေါ်ထွန်းခဲ့လျှင် မြစ်ကမ်းဘေးမှ စိုက်ခင်းများ၊ ဖရဲတွေ၊ ဆေးရွက်ကြီးတွေ၊ ပြောင်းခင်းတွေ၊ နှမ်းခင်းတွေ၊ ပန်းခင်းတွေ၊ မြစ်ဆီမှ ဖြတ်သန်းတိုက်ခတ်လာတတ်သည့် သန့်ရှင်းလတ်ဆတ်သော လေနှင့် ဘ၀ကို ချစ်ခင်မြတ်နိုးစေသော သာယာလှပသည့် ရှုခင်းများ …
ဂျူရိုမြစ်က နောက်ကျိကျိရေနှင့် မစီးချင်စီးချင် စီးဆင်းရာက ကျွန်မကို တစ်စုံတစ်ရာ ပြောခဲ့သည်ထင်သည်။
`` ရှင်ရော မြစ်တွေကို ချစ်တတ်သူလား
ကျွန်မမှာတော့ ဒဏ်ရာသင့်ခဲ့ပြီ ´´
ဂျူရိုမြစ်က ပင်လယ်ဆီသို့ စီးဆင်းသွားခဲ့သည်။ ဒါဆိုလျှင် မြစ်ဆီမှ သယ်ဆောင်သွားသည့် ဓာတုအညစ်အကြေးတို့က ပင်လယ်ကိုပါ အဆိပ်မသင့်စေဘူးလား။
တဖြည်းဖြည်း တရွေ့ရွေ့ စီးဆင်းနေသောမြစ်က ဒဏ်ရာရ နဂါးတစ်ကောင်ပမာ။ နဂါးဆိုလျှင် သူ့အာခံတွင်းမှာ ငုံထားခဲ့သည့် ပတ္တမြားမျက်ရှင်သည် လွတ်ကျ ကွဲကြေခဲ့လေပြီ။ အဆိပ်လူးမြားမှန်၍ သူ့ဝိညာဉ် ချုပ်ငြိမ်းရလုပြီ။
ကျွန်မ သူ့ကို ငါးတွေပေးချင်သည်။ ငှက်ကလေးတွေ ပြန်ပေးချင်သည်။ လျှော်ဖွပ်လို့သာ ရမည်ဆိုလျှင် သူ့မြစ်ရေတွေကိုပါ လျှော်ဖွပ်သန့်စင်လို့ ပေးလိုက်ချင်ပါသည်။ သို့သော် သူ့မှာက အထက်ပိုင်းမှာ ဆည်ရှိသဖြင့် ရွာနှစ်ရွာကိုသာ ဖြတ်သန်းစီးဆင်းခဲ့ရသည်။
ကျွန်မတို့မြစ်တွေ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့် မြစ်တွေက ဖြတ်သန်းစီးဆင်းကြရသည့် ခရီးလမ်းမှာ မြို့တွေ ရွာတွေ မရေမတွက်နိုင်။ သူတို့ကြောင့် မြို့ရွာတွေ ဖွံ့ဖြိုးခဲ့ကြရသည်။ သောက်ရေ၊ သုံးရေ ပြီးတော့ ကုန်စည်တင်လှေတွေ၊ သင်္ဘောတွေ၊ သတ္တ၀ါတွေ၊ လူတွေ၊ ဘ၀တွေ။
သြော် သည်မြစ်တွေ သဘာဝအတိုင်း ရှင်သန်စီးဆင်းစေချင်သည့် ဆန္ဒက ရင်ထဲမှာ ပြည့်၍လာခဲ့သည်။


ခင်မြဇင်
ချင်းတွင်းမဂ္ဂဇင်း
အမှတ် ( ၁၂ )၊ ဇန်န၀ါရီလ၊ ၂၀၀၇.

Thursday, February 28, 2008

ရဝေနွယ် (အင်းမ) ၏ ဆောင်းပါး

လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို စာကောင်းပေမွန်လေးတွေကို ဘလော့ပေါ်က မိတ်ဆွေများနဲ့ပါ မျှဝေပေးချင်တာမို့ ဆရာတော်လေး ရဝေနွယ် (အင်းမ)ရေးတဲ့ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင် ထိန်းသိမ်းမှု ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
...............................................................................................................
ရဝေနွယ် (အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီသောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေးတွေကိုတော့ ဒီနေ့အထိ သတိတရရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီးတစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရစေတနာပေါ့။
ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ်စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများတင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ်ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။
အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။


မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။
အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။
မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းနေထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေလိုက်နာလေ့ရှိပါတယ်။
တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ်တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။
ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။
ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာတစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲရှိနေတတ်ကြလို့ပါ။
ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။
တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာအဆောက်အဦတွေက နေ့စဉ်ဆောက်နေကြရတာဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦတွေအတွက် အသုံးချနေရတာကိုး။
ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။
အကုသိုလ်တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။
ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီးတစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။
ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ်တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတပြယုဂ်ကြီးတစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညိုလေးစားဖြစ်ကြမှာပါ။
လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။
နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညိုလေးစားတတ်ကြတာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။
အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။
ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့ ဘယ်စီးပွားရေးသမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင်တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရားတွေလည်း ပွားဖြစ်ဦးမှာပါ။
တကယ်လို့သာ အဲဒီတောအုပ်ကြီးဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက်ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင်သွားစိုက်ရင်းနဲ့ အဲဒီတောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လိုသဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘဖြစ်နေတယ်ဆိုရင်လဲ လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘစိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာနုပဿနာခေါ်တဲ့ သတိပဌာန်တရားလေးလည်း ခန္ဓာကိုယ်တစ်နွေးစာလောက် ရှုမှတ်ချင်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရှုမှတ်စဉ်ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။