Saturday, March 8, 2008

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

ညီမလေး ဆုဝေက စိမ်းလန်းဘလော့မှာ ပြန်လည်မျှဝေဖို့ ပို့ပေးလိုက်တဲ့ ဆရာမ ခင်မြဇင် ချင်းတွင်း မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

နေရောင်က ကြဲကြဲတောက် ပူလောင်လှသည်။ တစ်ဖက်ကမ်းမှ စက်များ၏မြည်သံက မိုးခြုန်းသံကြီးများသဖွယ် တဂျုန်းဂျုန်း တဂြိမ်းဂြိမ်း ဆူညံလျက် တစ်စက္ကန့်မှ ပြတ်လပ်မသွား။
မရပ်မနား ဒလစပ် မြည်နေ၊ ဟီးနေလိုက်ပုံက အာရုံကြောတို့ကို ထိခိုက်အောင်ပင် ပူသည့် နေရောင်ကြောင့် ဆူဝေေ၀ဖြစ်နေသော ဦးနှောက်ကို နားမခံသာစရာ အသံဗလံတို့က နှောင့်ယှက်လိုက်ပြန်သဖြင့် အမလေးတပြီး ထွက်ပြေးချင်စရာ ကောင်းနေခဲ့သည်။
ကဲ ကြည့်စမ်း ဒီလှေဆိပ် ရေဆင်းတံတားလေးပေါ်မှာ ရပ်နေသည်မှာ ငါးမိနစ်ပင် မပြည့်သေးပါလား။
ဂျူရိုမြစ် ( Duro River )ကို လေ့လာဖို့ ခေါ်လာသည့် အဖွဲ့မှလူတွေ ရှင်းပြသံက မကြားတစ်ချက် ကြားတစ်ချက်။
မြစ်ရေက မီးခိုးရောင် တရွေ့ရွေ့ စီးဆင်းနေသည်။
ပင်လယ်ဆီသို့ စီးဝင်သည့် မြစ်တစ်စင်းဖြစ်ပြီး ကျွန်မတို့ ရပ်နေကြသည့် နေရာမှာ ပင်လယ်ဝကို မြင်နေရသည့် နေရာလည်း ဖြစ်သည်။ ပင်လယ်ဆီက ခပ်ပြာမှိုင်းမှိုင်း၊ ခပ်လှမ်းလှမ်းတွင် လှေတစ်စင်းတစ်လေကို လှမ်းမြင်နေရသည်။
မြစ်ထဲက သဲတွေက အမဲရောင် …
မြစ်သည် အမှုန်အနည်များဖြင့် သန့်ရှင်းမှုမရှိ။ လေးလံအိတွဲစွာ စီးဆင်းနေပုံကလည်း သူ၏ရှင်သန်မှုတို့ ပျက်ယွင်းခဲ့ရပုံကို ဖော်ပြနေခဲ့သည်။
တစ်ဖက်ကမ်းမှ ဒီရေရောက် တောအုပ်ကလေးဆီ ငေးကြည့်မိသည်။ ထိုနေရာမှာတော့ အရိပ်ကြောင့် စိမ်းမှောင်မှောင် …
ကိုက် ၂၀ ခန့်သာ ကျယ်ဝန်းသည့်မြစ်၏ ဟိုဖက်ကမ်း လတာပြင်ပေါ်မှာ နေရောင်တစ်ပိုင်း ကျနေသည်။
မရပ်မနားစက်သံများက ခေါင်းကိုက်အောင် ပြုလုပ်နေဆဲ၊ နားကွဲမတတ် ဆူညံနေဆဲ။ စက်သံများကို ကြားကြားချင်း ဟိုဖက်ကမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်းကြီးတစ်ခုများ ရှိသလား ထင်မှတ်ခဲ့ရသည်။ ကြောက်ခမန်းလိလိ အသံများမှာ အခြားမဟုတ်ပါ။ လွတ်လပ်သော စက်မှုဇုန်မှ သံမဏိစက်ရုံများနှင့် အခြားစက်ရုံများ၏ အော်သံမြည်သံများပါ။
ကမ်းနားမှာ ဆိုက်ကပ်ထားသည့် စက်လှေကလေးတွေက ဆေးပျက်ပြယ်၍ အိုဟောင်းနေသည့်လှေတွေ ရေစူးမှတ်သည့် ဖော့များပေါ်မှ ရောင်စုံအလံကလေးများမှာလည်း အရောင်လွင့်ပြယ်လျက်။
ကမ်းနားတွင် ခရုသေများ၏ အပုပ်နံ့ကလည်း တထောင်းထောင်း ထနေသည်။ ဆူနာမီနှင့်အတူ ပါလာသည့် ခရုများမှာ ယခုထိ ဆယ်လို့မကုန်နိုင်လို့ ပြောကြသည်။ ခရုများမှာ ဂုံးခရုနှင့် စေတီပုံ ခရုငယ်များ ဖြစ်သည်။
ဂျူရိုမြစ်သည် ကွာလာဂျူရိုခေါ် ရွာကလေးအနီးမှဖြတ်၍ ပင်လယ်ထဲသို့ စီးဆင်းသည်။ အထက် (၇)မိုင်ခန့်တွင်လည်း ရွာတစ်ရွာရှိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံ ပီနန်ကျွန်းအနီး ကျွန်းမကြီးဆီမှ တံငါရွာကလေးများသို့ လိုက်ပို့မည့် အစီအစဉ်ကို မနက်ခင်းကပင် စိတ်ဝင်တစား ရှိခဲ့သည်။
ယခုတော့ စူးရှရှနေရောင်၊ ဆူညံလွန်းသည့် အသံဗလံများနှင့် အပုပ်နံ့တထောင်းထောင်း ခရုများ။
( ၂ )
၁၉၇၈ ခုနှစ်လောက်က ဂျူရိုမြစ်ထဲမှ ငါးတွေတထောကြီး ဖမ်းမိခဲ့ကြသည်။ ငါးသေတွေလည်း မြစ်ထဲမှာ ပေါလောပေါ်လျက် မြစ်တစ်ခုလုံး ငါးတွေနှင့် ဖွေးနေကြသည်။ ထိုငါးတို့ကို တစ်ရွာလုံး ၀မ်းသာအားရ သယ်ယူခဲ့ကြသည်။ ဒိုင်သို့သွား၍ သွင်းခဲ့ကြသည်။ ဒိုင်များက ငါးများကိုကောက်ကာ မြို့ဈေးသို့ သွားသွင်းကြသည်။
အိမ်ရှင်မတွေ၊ လင်ယောက်ျားအပြန် ငါးဖိုးတွေရဖို့ မျှော်လင့်ကြသည်။ ဒိုင်တွေကလည်း မြို့ရှိဈေးကွက်သို့ ဖြန့်ပြီးမှ ပြန်ရှင်းပေးကြမည်။
မြို့ဈေးမှာလည်း ထိုနေ့အဖို့ ငါးတွေပေါမှပေါ၊ အိမ်ရှင်မတွေ ငါးဟင်းချက်ဖို့ ၀ယ်ယူသွားပြီး ငါးကိုဗိုက်ခွဲလိုက်တော့ ငါးတို့၏ခန္ဒာကိုယ်ထဲက အမည်းရောင် ဓာတုပစ္စည်း အဆိပ်ရည်များနှင့် ပုပ်အဲ့အဲ့ အနံ့များ၊ အိမ်ရှင်မတွေက ဈေးသည်တွေကို စိတ်ဆိုးကြသည်။ ဈေးသည်ကို ရန်တွေ့ပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုကြသည်။
မစားကောင်းသည့်ငါးတွေကို ညာရောင်းသဖြင့် ဒေါသဖြစ်ကြရသည်။ ထိုနေ့အဖို့ ရွာကအိမ်ရှင်မတွေလည်း လက်ချည်းဗလာ ပြန်လာခဲ့ကြသော ခင်ပွန်းတို့နှင့် ရင်ဆိုင်ရသည်။ 'ဒိုင်တွေက ပိုက်ဆံရှင်းမပေးလိုက်။
ထိုအချိန်မတိုင်မ်ီအထိ မြစ်ရေထဲမှာ ဓာတုအဆိပ်တို့ သင့်ခဲ့ပြီဖြစ်ကြောင်း တိတိပပ မသိခဲ့ကြပေ။ ထိုမှစ၍ ဂျူရိုမြစ်အတွင်း ဓာတုအဆိပ်သင့်မှု ပြဿနာသည် တစ်ကမ္ဘာလုံးသိသော ပြဿနာဖြစ်လာခဲ့ပြီး ဂျုရိုမြစ်သည် သေနေသောမြစ်တစ်စင်း ဖြစ်ခဲ့ရသည်။
ကွာလာဂျူရိုရွာကလေးမှာ တံငါရွာဆိုသော်လည်း ခယိုးခယိုင် တဲအိုများနှင့် ရွာမျိုးမဟုတ်။ အိမ်တွေက တောင့်တောင့်တင်းတင်း၊ ကားတွေ ဆိုင်ကယ်တွေနှင့် စီးပွားဖွံ့ဖြိုးခဲ့သော ရွာကလေးဖြစ်သည်။
လူဦးရေ ၇၀၀ ကျော်ရှိသည်။ ရွာ(၂)ရွာကို ဖြတ်စီးဆင်းသည့် ဂျူရိုမြစ်၏ ရေအရောင်လည်း ညစ်မွဲမွဲ ဖြစ်လာခဲ့သည်။
" ငါးတစ်ကောင်မှ မရတော့ "
မြစ်ထဲမှာ ငါးတွေမရှိတော့ပေ။
၁၉၇၈ ခုနှစ်လောက်က ဓာတုအဆိပ်သင့်မှု ပြဿနာကို အရေးယူပေးရန် ရွာသားများက ခက်ခက်ခဲခဲပင် တာ ၀န်ရှိသူများထံ တင်ပြခဲ့ရသည်။
ပီနန်မြို့ရှိ စားသုံးသူများအသင်းကလည်း ထိုပြဿနာကို စိတ်ဝင်တစား ရှိခဲ့သည်။ စားသုံးသူများအသင်းမှ ရှေ့နေများနှင့် ကျွမ်းကျင်သူများက ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ရွာသားများကို ကူညီခဲ့ကြသည်။ သက်ဆိုင်ရာက စက်ရုံများသို့ ဓာတုပစ္စည်း၊ အညစ်အကြေးများကို မြစ်ထဲသို့ တိုက်ရိုက်စွန့်မပစ်ဘဲ စစ်၍ သန့်စင်သည့်စက်များဖြင့် သန့်စင်ပြီးမှ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့တိုင် တစ်ချို့စက်ရုံများကသာ လိုက်နာခဲ့ကြသည်။ ဂျူရိုမြစ်ကမ်းဘေးတွင် သံမဏိစက်ရုံ၊ သကြားစက်ရုံ၊ ဆန်စက်ရုံနှင့် အမျိုးမျိုးအစားစားသော စက်ရုံများက ၀န်းရံနေခဲ့သည်။
သို့ဖြင့် ၂၀၀၆ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။
တံငါရွာကလေး၏ လူမှုဘ၀ပုံစံလည်း ပြောင်းလဲသွားခဲ့ရသည်။
( ၃ )
ရွာမှကလေးငယ်များမှာ ရွာအ၀င် ကစားကွင်းတွင် ပိုက်ကျော်ခြင်း ကစားနေကြသည်။ ၁၄-၅ နှစ်အရွယ် ကလေးများဖြစ်သည်။ ခြေဖြင့်ခတ်နေကြသည့် ခြင်းဝိုင်းတစ်ဝိုင်းလည်း တွေ့ရသည်။ အတန်ငယ်သည့် ကလေးတစ်ချို့က ဆီးဆောစီးကာ တစ်ချို့က ဒန်းလေးစီးကာ ဆော့ကစားနေကြသည်။
မြင့်မားသည့် ကျောက်တောင်ကြီးက ရွာကလေးကို စီးမိုးထားခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်မတိုင်မီကဆိုလျှင် ကွာလာဂျူရို ရွာကလေးသည် သဘာဝအရင်းအမြစ် ကြွယ်ဝသည့် ရွာကလေးဖြစ်ခဲ့သည်။ ကွာလာဂျူရို ရွာသားတို့ စီးပွားရေးကောင်းခဲ့ကြသည်။ ဗီယက်နမ်မှပင် သူတို့ရွာကလေး၏ ငါးဖမ်းလုပ်ငန်းကို လာလေ့လာကြရသည်ဟု ဆိုကြသည်။
ယခုတော့ မိဘများ၏ စီးပွားရေး ဘ၀အရိပ်သည် ထိုကလေးငယ်များအပေါ်သို့ ၄င်းတို့၏ ရွာကလေးအပေါ် စီးမိုးနေသည့် ကျောက်တောင်ကြီးသဖွယ် အုပ်မိုးနေပြီလားလို့ ကျွန်မ တွေးနေမိသည်။
ဂျပန်ပြည်မှာတော့ မြစ်ငါးတို့သည် ဓာတုအဆိပ်သင့်နေသဖြင့် ရေချိုငါးကို မစားကြရတော့ကြောင်း ဖတ်ရဖူးသည်။ တရုတ်ပြည်မှ ယန်စီမြစ်မှာလည်း မြစ်ကမ်းဝဲယာမှ စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်လာသဖြင့် မြို့ပေါင်း ၂၀၀ ကျော်မှာ သောက်သုံးရေရှားပါးမှု ဖြစ်လာတော့မည့်အကြောင်း ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည်။
ဖြစ်ပြီးမှ ပြုပြင်ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါလား တွေးရသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးမှုနှင့်အတူ မြို့ပြတွေ ဖွံ့ဖြိုးလာခဲ့ကြသည်။ သို့သော် မြစ်တွေ ချောင်းတွေ ထိုရေထဲက သက်ရှိတွေကိုတော့ မစဉ်းစားခဲ့မိကြပါလား။
ဂျူရိုမြစ်ထဲမှာ ပင်လယ်ဝမှာ ငါးရှာရင်း ဆားငန်လေကို ရှူရှိုက်ကာ လွတ်လပ်စွာ အသက်မွေးနိုင်ခဲ့သော တံငါသည်တို့နှင့် ယင်းတို့၏မျိုးဆက်များသည် တစ်မြို့တစ်ရွာ ပြောင်းသူပြောင်း၊ စက်မှုဇုန်ရှိ စက်ရုံများဆီသို့ အလုပ်သမား သွားလုပ်သူလုပ်၊ အသက်မွေးမှု ပုံသဏ္ဍာန် ပြောင်းလာသလို မြစ်၏ အဆိပ်သင့်မှု ပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ မစဉ်းစားနိုင်ကြတော့ပေ။ တစ်ကိုယ်စာ ၀မ်းရေးအတွက် အဖြေရှာရင်း ရွာသားတွေလည်း စည်းလုံးညီညွတ်မှု မရှိတော့ဟု ဆိုသည်။ ကျွန်မတို့ကို လိုက်ပို့ခဲ့သော စားသုံးသူအသင်းမှ အမျိုးသမီးကြီးသည် အဆိပ်သင့်မှုကို ကာကွယ်ဖို့ ညီညွတ်ခဲ့ကြသော အတိတ်ကို ပြန်လည်သတိရနေသယောင်ယောင် … ။
( ၄ )
" ငါးကြင်းတွေဆန် ငါးဒန်တွေ သောင်ခြေ … ဦးမှာလလေး "
ယမုံနာပတ်ပျိုးထဲမှ တေးသွားတစ်စ နားထဲမှာ ကြားယောင်လာသည်။
ကျွန်မတို့၏ ဇာတိမြို့ကလေးက ဧရာဝတီမြစ်ကမ်းမှာ ထိုသီချင်းသံကို ကြားရတိုင်း ဘာကြောင့်မှန်းမသိ လွမ်းရတတ်သည်။
မနက်တိုင်း ဈေးထဲမှာ ငါးကြင်းတွေ၊ ငါးကျောင်းတွေ၊ ငါးဒန်တွေ၊ ငါးမြင်းတွေ လတ်လတ်ဆတ်ဆတ် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာသို့ ဘုရားဖူးလာတတ်သည့် ဧရာမငါးကြီးများ …
မြစ်ကမ်းသောင်စပ်မှာ ညနေခင်း၏ နေရောင်အောက်တွင် နားနေကြသည့် ဟင်္သာငှက်များ …
ဂျူရိုမြစ်က ကျွန်မတို့နှင့် အဝေးကြီးမှာ။ မလေးရှားသို့ မရောက်ခင်အထိ သူရှိမှန်း ကျွန်မ မသိခဲ့ပါ။ ဂျူရိုမြစ်ကမ်းကအပြန် ကားပေါ်တွင် ဧရာဝတီကို သတိရနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်က ပဲခူးမြစ်ကမ်းဘေး မြို့ကလေးမှာ နေခဲ့ရပုံကိုလည်း သတိရမိသည်။ ညဉ့်ဆိုလျှင် ပုဇွန်ဖမ်းမော်တော်ကလေး၏ စက်သံသဲ့သဲ့ ကြားရသည်။ မနက်ပိုင်းတွင် မြို့ကလေးကို လှည့်လည်၍ ရောင်းတတ်သည်။ ဈေးသည်၏ ဈေးဗန်းထဲမှ စိမ်းစိမ်းလတ်လတ် ပုဇွန်ထုပ်များ။ မြစ်တွေ ချောင်းတွေက မြေဆီအနှစ်ကျ၍ သောင်တို့ပေါ်ထွန်းခဲ့လျှင် မြစ်ကမ်းဘေးမှ စိုက်ခင်းများ၊ ဖရဲတွေ၊ ဆေးရွက်ကြီးတွေ၊ ပြောင်းခင်းတွေ၊ နှမ်းခင်းတွေ၊ ပန်းခင်းတွေ၊ မြစ်ဆီမှ ဖြတ်သန်းတိုက်ခတ်လာတတ်သည့် သန့်ရှင်းလတ်ဆတ်သော လေနှင့် ဘ၀ကို ချစ်ခင်မြတ်နိုးစေသော သာယာလှပသည့် ရှုခင်းများ …
ဂျူရိုမြစ်က နောက်ကျိကျိရေနှင့် မစီးချင်စီးချင် စီးဆင်းရာက ကျွန်မကို တစ်စုံတစ်ရာ ပြောခဲ့သည်ထင်သည်။
`` ရှင်ရော မြစ်တွေကို ချစ်တတ်သူလား
ကျွန်မမှာတော့ ဒဏ်ရာသင့်ခဲ့ပြီ ´´
ဂျူရိုမြစ်က ပင်လယ်ဆီသို့ စီးဆင်းသွားခဲ့သည်။ ဒါဆိုလျှင် မြစ်ဆီမှ သယ်ဆောင်သွားသည့် ဓာတုအညစ်အကြေးတို့က ပင်လယ်ကိုပါ အဆိပ်မသင့်စေဘူးလား။
တဖြည်းဖြည်း တရွေ့ရွေ့ စီးဆင်းနေသောမြစ်က ဒဏ်ရာရ နဂါးတစ်ကောင်ပမာ။ နဂါးဆိုလျှင် သူ့အာခံတွင်းမှာ ငုံထားခဲ့သည့် ပတ္တမြားမျက်ရှင်သည် လွတ်ကျ ကွဲကြေခဲ့လေပြီ။ အဆိပ်လူးမြားမှန်၍ သူ့ဝိညာဉ် ချုပ်ငြိမ်းရလုပြီ။
ကျွန်မ သူ့ကို ငါးတွေပေးချင်သည်။ ငှက်ကလေးတွေ ပြန်ပေးချင်သည်။ လျှော်ဖွပ်လို့သာ ရမည်ဆိုလျှင် သူ့မြစ်ရေတွေကိုပါ လျှော်ဖွပ်သန့်စင်လို့ ပေးလိုက်ချင်ပါသည်။ သို့သော် သူ့မှာက အထက်ပိုင်းမှာ ဆည်ရှိသဖြင့် ရွာနှစ်ရွာကိုသာ ဖြတ်သန်းစီးဆင်းခဲ့ရသည်။
ကျွန်မတို့မြစ်တွေ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့် မြစ်တွေက ဖြတ်သန်းစီးဆင်းကြရသည့် ခရီးလမ်းမှာ မြို့တွေ ရွာတွေ မရေမတွက်နိုင်။ သူတို့ကြောင့် မြို့ရွာတွေ ဖွံ့ဖြိုးခဲ့ကြရသည်။ သောက်ရေ၊ သုံးရေ ပြီးတော့ ကုန်စည်တင်လှေတွေ၊ သင်္ဘောတွေ၊ သတ္တ၀ါတွေ၊ လူတွေ၊ ဘ၀တွေ။
သြော် သည်မြစ်တွေ သဘာဝအတိုင်း ရှင်သန်စီးဆင်းစေချင်သည့် ဆန္ဒက ရင်ထဲမှာ ပြည့်၍လာခဲ့သည်။


ခင်မြဇင်
ချင်းတွင်းမဂ္ဂဇင်း
အမှတ် ( ၁၂ )၊ ဇန်န၀ါရီလ၊ ၂၀၀၇.

No comments: