Saturday, October 11, 2008

ပတ်ဝန်းကျင်အတွက် ဆောင်ရန် ရှောင်ရန်များ (၁)

ခုတလော အသစ်ဘာမှ မတင်ပေးနိုင်လို့ အားနာမိပါတယ်။ စာအသစ်ရှည်ရှည် မတင်ပေးနိုင်ပေမယ့် နေ့တဓူဝ လုပ်ငန်းစဉ်တွေထဲမှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အသိလေးနဲ့ နေတတ်ဖို့ Greenpeace အဖွဲ့ကြီးရဲ့ အကြံပေးစာလေးကိုပဲ ဘာသာပြန်ပြီး တင်ပေးလိုက်ချင်ပါတယ်။
-------------------------------------------------------------------------------------------------
ကျွန်ုပ်တို့ဟာ နေ့စဉ် ရေ နဲ့ စွမ်းအင်ကို အသုံးပြုနေကြသလို စွန့်ပစ်ပစ္စည်းတွေကိုလည်း ဖန်တီးနေကြပါတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ်အပြုအမူတွေဟာ ပတ်ဝန်းကျင်ကို အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိနေတာ သေချာပါတယ်။ အခု အောက်ဖော်ပြပါ အကြံပေးချက်လေးတွေဟာ သင့်ရဲ့ နေ့စဉ်အလုပ်အကိုင်အပြုအမူတွေမှာ ပတ်ဝန်းကျင်ကောင်းကျိုးအတွက် အသိစိတ်လေးရှေ့ထားပြီး ရွေးချယ်ဆောင်ရွက်တတ်အောင် ရည်ရွယ်ပါတယ်။
ရေ
- ရေယိုနေတဲ့၊ ရေမလုံတဲ့ ရေပိုက်ခေါင်းတွေ ရေပိုက်တွေရှိရင် ပြင်လိုက်ပါ။ တစ်စက်နှစ်စက်ကျတဲ့ ရေပေါက်ကလေးတွေကလည်း ကြာလာရင် ရေပမဏအများကြီး အလဟသဖြစ်ကုန်နိုင်ပါတယ်။
- ကားကို သဘာဝနည်းနဲ့ တတ်နိုင်ရင် ဆေးပါ။ ဖြစ်နိုင်ရင် မိုးရွာအောင် စောင့်တာမျိုးပေါ့။
- ရေချွေတာနိုင်တဲ့ ရေပိုက်ခေါင်းတွေကို တပ်ဆင်သုံးစွဲပါ။
စွမ်းအင်
- သင်အိမ်မှာ မရှိတဲ့ အချိန်တွေနဲ့ ညဘက်တွေမှာ သင့်အိမ်ရဲ့ အပူချိန်ကို လျှော့ချခြင်းဖြင့် စွမ်းအင်ကို ချွေတာပါ။ ဒါမှမဟုတ် အချိန်နဲ့ အပူချိန်ကို သတ်မှတ်ပေးထားလို့ရတဲ့ သာမိုစတက်မျိုး တပ်ဆင်သုံးစွဲပါ။
- စွမ်းအင်ချွေတာတဲ့ မီးလုံးများကို သုံးစွဲပါ။
- သင့်အိမ်မှာ အပူချိန်ကို လျော့ကျမသွားအောင် အိမ်ကို insulate လုပ်ထားပါ။ Insulation ကိုလည်း မကြာခဏ စစ်ဆေးပေးပါ။
- သင့်အိမ်မှာ လေယိုစိမ့်မှု ရှိရင် ပြင်ဆင်မှုတွေ ပြုလုပ်ပါ။
- သင့်အိမ်က heater ရဲ့ air filter တွေကို တစ်လတစ်ခါလောက် လဲပေးပါ။ filter တွေမှာ ဖုန်တွေရှိနေရင် heater က စွမ်းအင်ကို ပိုသုံးရပါတယ်။
- ရေနွေးစက်နဲ့ ရေနွေးပိုက်တွေ ကိုလည်း insulate လုပ်ပါ။ ဓါတ်ငွေ့သုံး ဟီတာတွေကိုတော့ insulate မလုပ်ပါနဲ့။ လုပ်ရမယ်ဆိုရင်တောင် heater နဲ့ ခြောက်လက်မ အကွာမှသာ insulate လုပ်ပါ။
- တတ်နိုင်ရင် ကားမသုံးပါနဲ့။ တတ်နိုင်သမျှ လမ်းလျှောက်၊ စက်ဘီးစီး ဒါမှ မဟုတ် ဘတ်စ်ကား ရထားတို့ကို စီးပြီး သွားလာပါ။
- ဓါတ်ခဲသုံး ပစ္စည်းတွေကို ရှောင်ပါ။ ဒါမှမဟုတ် တစ်ခါသုံး ဓါတ်ခဲအစား ပြန်လည်အားသွင်းလို့ရတဲ့ ဓါတ်ခဲ၊ နေရောင်ခြည်သုံးပြီး ပြန်အားသွင်းလို့ရတဲ့ ဓါတ်ခဲတွေကို သုံးပါ။
- ပြည်တွင်းဖြစ်ပစ္စည်း၊ ဒေသထွက်ပစ္စည်းတွေကို အားပေးပါ။ ပြည်တွင်းစီးပွားရေး၊ ဒေသတွင်းစီးပွားရေးတွေ အတွက် အထောက်အကူဖြစ်မှာ ဖြစ်သလို စွမ်းအင်လည်း ချွေတာရာရောက်ပါတယ်။ ပစ္စည်းတွေကို အဝေးကြီး ကနေ သင့်ဆီကို ရောက်ဖို့ သယ်ယူပို့ဆောင်ရတဲ့ စွမ်းအင်တွေ မသုံးရတော့တဲ့အတွက်ပါ။
အဆိပ်အတောက်များ
- အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို ၀ယ်ယူတဲ့အခါမှာ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် မဖြစ်စေတဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။
- သင့်အိမ်အတွက် ပရိဘောဂ၀ယ်ယူသုံးစွဲတဲ့အခါမှာလည်း သဘာဝချည်မျှင်တွေ၊ သစ်၊ သံထည်၊ ဖန်ထည်တို့နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။
- သင့်အိမ်မှာ Polyvinyl choloride (PVC သို့ vinyl) နဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေကို ရှောင်ပါ။ PVC နဲ့ လုပ်တဲ့ ပစ္စည်းတွေဟာ ပစ္စည်းသက်တမ်းတလျှောက်လုံး သင့် အိမ်နဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်ပါတယ်။ PVC နဲ့ လုပ်တဲ့ ပစ္စည်းဆိုတာ ခန်းဆီးတွေ၊ ကြမ်းခင်းတွေက စလို့ ကလေးကစားစရာ အရုပ်က အစ အမျိုးစုံဖြစ်နိုင်ပါတယ်။
- စပရေးဘူးတွေ သုံးစွဲခြင်းကို ရှောင်ပါ။
- အိမ်ဆေးသုတ်ရာမှာ ရေဆေးတွေကို တတ်နိုင်သရွေ့ ရွေးချယ်သုံးစွဲပါ။ ခဲပါတဲ့ သုတ်ဆေးတွေကို လုံးဝ မသုံးပါနဲ့။
- သင့်အိမ်မှာ ဟီတာသုံးစွဲတယ်ဆိုရင် ပုံမှန် အလုပ်မလုပ်ကို မကြာခဏ စစ်ဆေးပါ။ အန္တရယ်ဖြစ်နိုင်တဲ့ ဓါတ်ငွေ့တွေ ရှိမရှိသိနိုင်အောင် Carbon monoxide detector တပ်ဆင်ထားပါ။
- သင့်ကျန်းမာရေးအတွက် အန္တရယ်ဖြစ်စေနိုင်တဲ့ မှိုတွေ ပေါက်ဖွားခြင်း မဖြစ်နိုင်အောင် အိမ်မှာ လေ၀င် လေထွက်ကောင်းပြီး မျှတတဲ့ စိုထိုင်းဆရှိပါစေ။
စွန့်ပစ်ပစ္စည်း
- အိမ်သုတ်ဆေးတွေ၊ ကားဆီတွေ စတဲ့ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို အမှိုက်ပုံးတွေ ရေမြောင်းတွေထဲကို မစွန့်ပစ်ပါနဲ့။ စနစ်တကျ လွှင့်ပစ်နိုင်ရန် သင်နေထိုင်ရာ ဒေသအတွင်းက စွန့်ပစ်ပစ္စည်းလက်ခံရာ နေရာကို ဆက်သွယ်မေးမြန်းပြီး စနစ်တက် စွန့်ပစ်ပါ။
- ဈေးဝယ်ထွက်ရင် ပစ္စည်းထည့်ရန် ကိုယ်ပိုင်အိပ် ယူသွားပါ။ ဆိုင်က ပေးတဲ့ ပလတ်စတစ်အိတ်ကို ယူခဲ့ရင်လည်း သုံးမရတဲ့အထိ အကြိမ်ကြိမ်ပြန်လည် သုံးစွဲပါ။
- အစားအသောက်စွန့်ပစ်ပစ္စည်းတွေကို မြေဆွေးပြုလုပ်ပြီး ပြန်လည်သုံးစွဲပါ။
- မလိုအပ်ပဲ ပစ္စည်းတွေကို အလွန်အမင်း ထုပ်ပိုးခြင်း မလုပ်ပါနဲ့။
- ပြန်လည် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို သုံးစွဲပါ။ ဥပမာ ကော်ဖီထည့်တဲ့ မတ်ခွက်တွေ၊ ထမင်းဘူးတွေ၊ ဓါတ်ခဲ၊ ဘောပင်၊ ဘလိတ်ဓါး စသည်ဖြင့် ပြန်လည်သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ရွေးချယ်ပါ။
- စက္ကူပစ္စည်းတွေကို သုံးတဲ့အခါမှာ ပြန်လည် အသုံးပြုနိုင်တာတွေကို ရွေးချယ်ပါ။ ဥပမာ recycled လုပ်ထားပြီးသော၊ ကလိုရင်းမပါတဲ့ အရောင်ချွတ်ဆေးသုံးထားသော စက္ကူတွေကို ရွေးချယ်ပါ။
(Source : Greenpeace website မှ စာကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)
-------------------------------------------------------------------------------------------------

စာအုပ်ဆိုင်မှာ ကောက် ၀ယ် လာဖြစ်တဲ့ မဂ္ဂဇင်းတွေထဲက ဖတ်လို့ကောင်းတဲ့ စိတ်ဝင်စားစရာ အင်တာနက် ဆိုက်လေးတွေကို စိတ်ဝင်စားတဲ့ သူတွေ ဖတ်နိုင်အောင် ညွှန်းလိုက်ချင်ပါတယ်။
Onearth - http://www.onearth.org/
National Resources Defense Council က ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ ဆိုက်ပါ။

Sunday, October 5, 2008

အမြဲစိမ်းတောမှာ အချစ်ရှာသူ

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မြန်မာစာတန်းထိုး ကချင်ဇာတ်ကား ရန်ကုန်တွင် ရုံတင်ပြသမည်ဟု ဧရာဝတီ သတင်းဌာနမှ သတင်းတင်ထားတာကို ဖတ်လိုက်ရပါတယ်။ သတင်းအပြည့်အစုံကို အောက်ဖော်ပြပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ အခုလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားမျိုးတွေ ပေါ်ထွက်လာတာကို ကြိုဆို သလို နောက်ထပ် အဲဒီလို ပညာပေးတဲ့ ဇာတ်လမ်းလေးတွေ များများပေါ်ထွက်လာပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။
http://www.irrawaddy.org/bur/news2008/October/Oct_03d_08.html

Friday, August 22, 2008

ညွှန်းပါရစေ

ကမ္ဘာ့ရာသီဥတုနဲ့ လူသားတွေရဲ့ အခြေအနေ ပြောင်းလဲဆိုးဝါးလာခြင်း အကျိုးဆက်ကို လူမျိုးမရွေး ဘာသာမရွေး ထိခိုက်ခံစားနေရပါပြီ။ ကက်သလစ် စာပေအကျိုးဆောင်အဖွဲ့ကနေ ကျွန်ုပ်တို့ နေထိုင်နေတဲ့ ဒီကမ္ဘာကြီးကို ဘာသာမရွေး လေးစားတန်ဖိုးထားတတ်ဖို့ ရည်ရွယ်ပြီး ဘာသာပြန်ထုတ်ဝေလိုက်တဲ့ `တတိယထောင်စုနှစ်ကို စိမ်းလန်းစိုပြေစေခြင်း´ ဆိုတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီ စာအုပ်လေးမှ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရေထုညစ်ညမ်းခြင်းစေသည့် ဖိအားများနှင့် မျိုးဗီဇပြောင်း ထုတ်လုပ်မှုများမှ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဆိုင်ရာ အကြောင်းအကျိုးများကို အကျယ်တ၀င့် စုံစုံလင်လင် မြည်းစမ်းစေမည်သာမက ၄င်းကိစ္စများနှင့် ဆက်စပ်သည့် စီးပွားရေး(ကြွေးမြီ)ဆိုင်ရာ ကိစ္စရပ်များပါ ပါဝင်သည့် ဗဟုသုတ ဟင်းလေးအိုးကြီးကို ဖတ်ကြည့်ပါဦးလို့ ညွှန်းလိုက်ပါတယ်။

ဤစာအုပ်ကို ဖတ်ရှုလိုပါက - ကက်သလစ် စာပေအကျိုးဆောင်အဖွဲ့၊ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော် ကြီးများ ကျောင်းတိုက်၊ ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် သို့ လိပ်မူပြီး မှာယူနိုင်ပါတယ်။

အစိမ်းရောင် မှတ်စု - အတွဲ(၂)၊ အမှတ်(၄)၊ မေလ၊ ၂၀၀၈ မှ ပြန်လည် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

Monday, July 28, 2008

ဂျူးပြောသွားတဲ့ “နာဂစ်နဲ့ သဘာဝပတ်ဝန်းကျင်”

ဇူလိုင်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဆရာမဂျူးရဲ့ ဟောပြောပွဲတစ်ခုအကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဟောပြောတဲ့ခေါင်းစဉ်က “နာဂစ်နှင့် သဘာဝပတ်ဝန်းကျင်”ပါ။ အဲဒီဆောင်းပါးမှာ ဟောပြောပွဲမစတင်မီ တွေ့ဆုံမေးမြန်းသူကို ဆရာမဂျူး ဖြေကြားသွားတဲ့ အကြောင်းအရာတွေကို အားလုံးသိရအောင် ပြန်လည်ဖော်ပြပေးပါရစေ။

နာဂစ်နှင့် သဘာဝပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင်အပေါ် အမြင်နဲ့ပတ်သက်ပြီး “သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အရင်က စာအုပ်တွေ ရေးခဲ့ဖူးတယ်။ “ကျွန်မချစ်သော မြို့တစ်မြို့” နဲ့ “ကျွန်မချစ်သောနိုင်ငံ” စာအုပ်တွေပါ။ ဟောပြောပွဲတွေလည်း ပြောခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် လူတိုင်း စိတ်ဝင်စားသင့်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို လူတွေ သိကြပေမယ့် သဘာဝပတ်ဝန်းကျင်အပေါ် လူတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတယ်။ မကြာခင်က ကျွန်မတို့နိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့တာ ကြုံတွေ့ခဲ့ကြရတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုရဲ့ အကျိုးဆက်တွေပါပဲ။ လူတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းပျက်စီးလာတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလာမှုကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှု၊ ရေလွှမ်းမှု၊ မိုးခေါင်မှု၊ အပူလှိုင်းကျရောက်မှု၊ အအေးလှိုင်းကျရောက်မှု စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လာခြင်း ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။

သင်ခန်းစာ

နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်းရဲ့ နောက်ပိုင်းမှာ ကြုံတွေ့ရယူသင်တဲ့ သင်ခန်းစာတွေ အပေါ်မှာလည်း “နာဂစ်မုန်တိုင်းကြောင့် ဆိုးကျိုးနဲ့ယူရမယ့် သင်ခန်းစာတွေက အများကြီးပါ။ အဓိကအနေနဲ့ကတော့ ဆုံးရှုံးမှုနဲ့ ရယူသင့်တဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေကတော့ သိတဲ့အတိုင်းပါပဲ။ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ၊ လူမှုအသိုင်းအ၀ိုင်းတွေကအစပေါ့။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။ စိတ်ပိုင်းဆိုင်ရာတွေအနေနဲ့ အများကြီး ထိခိုက်ခံစားခဲ့ကြရတာပါပဲ။ သင်ခန်းစာယူသင့်တာကတော့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းကြဖို့ပါပဲ။ ဒီလိုမုန်တိုင်းတွေဖြစ်တဲ့ သဘာဝဘေးတွေဟာ တားဆီးဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီလို သဘာဝဘေးအန္တရာယ်က သက်သာအောင်တော့ လူတွေ ၀ိုင်းဝန်းလုပ်ဆောင်လို့ ရပါတယ်။ လေဒဏ်၊ မိုးဒဏ်နဲ့ ပင်လယ်ဒီရေတွေကို ဟန့်တားနိုင်ဖို့ ဒီရေတောတွေ ထိန်းသိမ်းရပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။

ဝိုင်းဝန်း

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိအောင်နဲ့ ပတ်သက်ပြီးတော့လည်း “လူတွေအနေနဲ့ တစ်နိုင်ငံတည်း မဟုတ်ဘဲ နိုင်ငံတိုင်းမှာပါ စွမ်းအင်သုံးစွဲမှုတွေ ချွေတာကြရမယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ အတတ်နိုင်ဆုံး လျှော့ချရမယ်။ သစ်တောသစ်ပင် ခုတ်လှဲမှုတွေကို ဟန့်တားကြရမှာပါ။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် စီးပွားရေးလုပ်ငန်းတွေကို စိစစ်ထိန်းချုပ်သွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီရေတောတွေ တိုးပွားနိုင်အောင်လည်း ဆောင်ရွက်ကြရမှာပါ။ ဒါတွေအားလုံးဟာ တစ်ဦးတစ်ယောက်တည်း ပြုလုပ်လို့ရတာ မဟုတ်ပါဘူး။ အားလုံးက အသိစိတ်ဓါတ်ရှိရှိနဲ့ ၀ိုင်းဝန်းဆောင်ရွက်သွားမှ ရပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။

ကျွန်မတို့ဆီက စာပေအနုပညာရှင်တွေထဲမှာတော့ ဆရာမဂျူးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး တော်တော်လေး လှုံ့ဆော်တိုက်တွန်းပေးတဲ့သူတစ်ယောက်ပါ။ သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်းထိန်းသိမ်းပေးကြဖို့၊ ကမ္ဘာမြေကြီးကို ချစ်ခင်စောင့်ရှောက်ကြဖို့ ကလောင်တစ်လက်နဲ့ ရေးသားအသိပေးနေတဲ့ သူတစ်ယောက်ဆိုရင်လဲ မမှားပါဘူး။ အရင်က ကျွန်မဖတ်ဖူးတဲ့ ဆရာမဂျူးရဲ့ ဆောင်းပါးလေးတွေကိုလဲ အချိန်ရရင် ပြန်လည်ရှာဖွေပြီး ဝေမျှပေးပါဦးမယ်။

Thursday, April 24, 2008

The 11th Hour


၂၀၀၈ခုနှစ် Earth Day အမီ ထွက်လာတဲ့ မှတ်တမ်းရုပ်ရှင်လေးတစ်ခု ကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မင်းသား လီယိုနာဒို ဒီကက်ပရီရို က ထုတ်လုပ်သူ / တင်ပြသူအဖြစ် ပါဝင်တဲ့ The 11th Hour ဆိုတဲ့ ဒီမှတ်တမ်း ရုပ်ရှင်လေးဟာ ကမ္ဘာမြေရဲ့ လက်ရှိ အခြေအနေတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် တစ်ဦးချင်း လုပ်ဆောင်နိုင်တာလေးတွေကို တိုက်တွန်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။ အသိပညာရှင် အတတ်ပညာရှင် သိပ္ပံပညာရှင်များစွာကို ၀င်ရောက်ဆွေးနွေးစေပြီး အကျိုးနဲ့ အကြောင်းကို အချက်အလက်တွေနဲ့ ဆွေးနွေးတင်ပြသွားတာ စိတ်ဝင်စားစရာကောင်းပါတယ်။ နောင်လာနောက်သား တွေအတွက် ဘယ်လို နေထိုင်စရာ ကမ္ဘာမြေမျိုးကျန်ရှိမလဲ ဆိုတာဟာ ကျွန်မတို့ မျိုးဆက်က လူတွေရဲ့ လုပ်ရပ်တွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ နောင်လာနောက်သားတွေ အတွက် အဆုံးအဖြတ်ပေးနိုင်သော အခွင့်အရေးရှိတဲ့ ကျွန်မတို့ မျိုးဆက်တွေဟာ ဂုဏ်ယူဝမ်းသာသင့်ပြီး ကမ္ဘာမြေရဲ့ သဘာဝအခြေအနေတွေ ပိုပျက်စီးခြင်းမရှိအောင် တစ်ဦးချင်း တာဝန် သိသိ ဆောင်ရွက်ကြဖို့လိုကြောင်း တစ်ဦးက ဆွေးနွေးသွားပါတယ်။ နောက်တစ်ဦးကတော့ ကျွန်မတို့ လိုအပ်သော ပစ္စည်းတွေ နေ့တဓူဝ ၀ယ်ယူ သုံးစွဲကြတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးတွေ မရှိမယ့် ပစ္စည်းများကို ရွေးချယ်ဝယ် ယူတာဟာလည်း တကယ်တော့ တစ်ဦးချင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မဲပေးနေသလိုပါပဲတဲ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ရွေးချယ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ လုပ်ငန်းများကို အားပေးရာရောက်ပြီး ဈေးကွက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်ရှိတဲ့ လုပ်ငန်းတွေကို ပိုမို လိုအပ်ကြောင်း ထောက်ခံပေးလိုက်ရာကျလို့ပါ။ လူသားတွေနဲ့ သဘာဝတရားနဲ့ သဟာဇာတဖြစ်စွာ နေထိုင်ဖို့ လိုအပ်ကြောင်းကို ဘာသာရေး ခေါင်းဆောင်များကလည်း ၀င်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီရုပ်ရှင်မှာ ကျွန်မတို့ ကမ္ဘာမြေရဲ့ အလှအပတွေကို ခံစားတတ်အောင် ကမ္ဘာအရပ်ရပ်က သဘာဝ ရှုခင်း အလှအပများနဲ့ အတူ လူတွေရဲ့ လုပ်ရပ်တွေကြောင့် ဖောက်ပြန်လာတဲ့ ရာသီဥတုတွေ၊ ပျက်စီးလာတဲ့ သဘာဝတရားတွေကိုလည်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားပါတယ်။

အင်္ဂလိပ်စကားမှာ 11th Hour ကို အရေးအကြီးဆုံး နောက်ဆုံး အချိန်လို့ သုံးလေ့ရှိပါတယ်။ နီးမှ ကပ်လုပ်တတ်တဲ့ လူတွေကို ဆိုရင် ဘယ်သူကဖြင့် လုပ်လိုက်ပြီဆို 11th Hour မှချည်းပဲလို့ ပြောတတ် ကြပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်လေးကိုလည်း The 11th Hour လို့ အမည်တပ်ထားတာဟာ လူသားတွေ အတွက် ကမ္ဘာမြေကို ကယ်တင်ဖို့ အရေးအကြီးဆုံး အချိန်ရောက်နေပြီဆိုတာကို အသိပေးချင်တာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီမှတ်တမ်း ရုပ်ရှင်လေးကို ကြည့်ပြီးရင်လည်း တကယ်ပဲ အရေးအကြီးဆုံး အချိန် ရောက်နေပြီ ဆိုတာကို မိတ်ဆွေတို့ပါ သိရှိခံစားနိုင်လိမ့်မယ် ထင်ပါတယ်။ ဒီရုပ်ရှင်ထဲက အတိုင်းပြောရမယ်ဆိုရင် မိတ်ဆွေတို့ အနေနဲ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာတာတွေကို သိလို့ ကျွန်တော် ကျွန်မတို့ ဘာလုပ်ရမလဲလို့ မေးခွန်းတွေ မေးလာတတ်ပြီဆိုရင်ပဲ ပတ်ဝန်းကျင်အတွက် အသိအဆင့် တစ်ဆင့် တိုးတက်လာပြီလို့ ပြောရပါမယ်။ ကမ္ဘာမြေရဲ့ ကျန်းမာရေးအတွက်၊ နောင်လာနောက်သားတွေ အတွက် ကိုယ်လုပ်နိုင်စွမ်းရှိရာတွေကို လုပ်မယ်လို့ ဆုံးဖြတ်ဖို့ရာ ကမ္ဘာ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို သိရှိနားလည်ရမှာ ဖြစ်သလို တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ စိတ်လည်း ရှိရမှာ ဖြစ်ပါတယ်။ ဒီတော့ ရှေ့ဆက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ကိုယ်တတ်စွမ်းရာတွေကို ပါဝင်ဆောင်ရွက်ရင်း မိမိဝန်းကျင်က လူတွေကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓါတ်တွေ ဖြန့်ဝေပေးဖို့လိုပါတယ်။ လူများများ သိလေ၊ လူများများ အသိပညာတွေ ရလေ၊ လူများများ ပါဝင်ဆောင်ရွက်လေ၊ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေ များလေ ဖြစ်မှာပါပဲ။ ဒီတော့ ကျွန်မအနေနဲ့ မိတ်ဆွေတို့ကို ဒီမှတ်တမ်း ရုပ်ရှင်လေးကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုသလို ကြည့်ပြီးရင်လည်း မိတ်ဆွေတို့ ၀န်းကျင်က လူတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓါတ်တွေ ဆက်လက် ဖြန့်ဝေကြဖို့ ပြောလိုပါတယ်ရှင်။

Monday, April 21, 2008

Everyday is Earth Day


ဧပြီလ ၂၂ရက်နေ့ဟာ Earth Day ပါ။ ကမ္ဘာမြေနေ့လို့ တိုက်ရိုက်ဘာသာပြန်ရမလား မသိပါဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့ အရေးများစွာအတွက် ကမ္ဘာမြေနေ့ကို ကမ္ဘာ့နိုင်ငံ အများအပြားမှာ ပုံစံမျိုးစုံနဲ့ ကျင်းပကြမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ချစ်သောကမ္ဘာမြေကို ကယ်တင်ဖို့ရာ ပထမဦးစွာ နေထိုင်ရာ ကမ္ဘာမြေရဲ့ တန်ဖိုးတွေ အလှအပတွေကို ခံစား သိရှိနိုင်ဖို့ လိုပါတယ်။

ဒီ့နောက်မှာတော့ မိမိတို့ ရဲ့ နေ့စဉ် နေထိုင်လှုပ်ရှားမှုတွေ ဟာ ကမ္ဘာမြေကြီးအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတာလည်း သိဖို့ လိုအပ်ပါတယ်။

အကျိုးသက်ရောက်မှုတွေကို သိလာပြီဆိုရင် ကမ္ဘာမြေအတွက် မိမိတို့ကိုယ်တိုင် တတ်အား သရွေ့ လုပ်နိုင်သမျှ တွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။




ဒါနဲ့ပါတ်သက်လို့ အောက်ဖော်ပြပါ ဗီဒီယိုလေးထဲက ကျောင်းသူကျောင်းသားလေးများရဲ့ ပညာပေး အစီအစဉ်လေးကို စာဖတ်သူများနဲ့ မျှဝေချင်ပါတယ်။ ကလေးအရွယ် ကျောင်းသားကျောင်းသူလေးတွေ ဖြစ်ပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်လို့ တတ်အားသရွေ့ ပါဝင်နေကြတဲ့ ဒီကလေးတွေရဲ့ ပညာပေး အစီအစဉ်လေးဟာ လိုရင်း တိုရှင်းလေးပါ။ သင်တို့တွေ ကမ္ဘာမြေအတွက် အနည်းဆုံး ဘာတွေ လုပ်နေလဲ ဆိုတာကို သတိပေးလိုက်သလိုပါပဲ။ ကျွန်မတို့ အားလုံးလည်း မိမိတို့ တတ်အားသရွေ့ လုပ်နိုင်သမျှလေးတွေက စလုပ်ရင်း ကမ္ဘာမြေကို ကယ်တင်ကြပါစို့လားနော်။


သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဖြစ်ဖို့…



ကျွန်မတို့ လူသားအားလုံးဟာ ကျွန်မတို့မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာလောကကြီးကို ချစ်ကြမှာပါ။ ဒါဟာ အငြင်းပွားစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ချစ်တဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတု တွေပြောင်းလဲအောင် ရေမြေတောတောင်တွေ အကျည်းတန်အောင် လူသားတွေကပဲလုပ်နေကြတတယ်ဆိုတဲ့ အချက်ကိုတော့ မမေ့ထားသင့်ပါဘူး။

ကမ္ဘာကြီး အရင်အတိုင်းလှပနေစေဖို့ ကျွန်မတို့ဘာတွေ စွမ်းဆောင်နိုင်တဲ့လဲ။ တကယ်တော့ လူတစ်ဦး တစ်ယောက်စီတိုင်းဟာ ကိုယ်တတ်နိုင်တဲ့နေရာကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်သွားဖို့ပဲလိုအပ်ပါတယ်။ သိပ်မကြာသေးမီကပဲ မြန်မာနိုင်ငံအလယ်ပိုင်းကို ကျွန်မအလည်အပတ် ရောက်ရှိခဲပါတယ်။ အဲဒီလိုရောက်တိုင်း ကျွန်မသွားလေ့ရှိတာက ဦးပိန်တံတားနဲ့ တောင်သမန်အင်းပါ။ စိမ်းလဲ့နေတဲ့ တောင်သမန်အင်းရဲ့ အလှအပ၊ စိမ်းညို့နေတဲ့ မယ်ဇယ်ပင်တွေရဲ့ အလှအပကို ငေးမောရင် အကြော်စားရတဲ့ အရသာက မမေ့နိုင်စရာပါ။

ဒီတစ်ခေါက်မှာတော့ မယ်ဇယ်ပင်တန်းတစ်လျှောက် လမ်းလျှောက်ဖို့ စိတ်ကူးရမိပါတယ်။ ကျွန်မရဲ့ ကြည်နူးနေတဲ့စိတ်တွေဟာ တစ်နေရာအရောက်မှာတော့ နောက်ကျိသွားပါတယ်။ လမ်းဘေးမှာတွေ့နေရတဲ့ များပြားလှတဲ့ ကြွပ်ကြွပ်အိတ်ပုံတွေကို ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒီလောက်များပြားတဲ့ ကြွပ်ကြွပ်အိတ်တွေကို ဘယ်သူတွေကများ လာရောက် စွန့်ပစ်ထားခဲ့ကြတာပါလိမ့်။ တစ်ရက်၊ နှစ်ရက်ကနေ တစ်လ၊နှစ်လ၊ တစ်နှစ်၊ နှစ်နှစ် ဖြစ်လာတဲ့အခါ ကြွပ်ကြွပ်အိတ်တွေဟာ သဘာဝပတ်ဝန်ကျင်ကို အန္တရာယ်ပြုလာမှာပဲပေါ့။ ကြွပ်ကြွပ်အိတ်တွေဟာ Recycle ပြန်လုပ်လို့မရတော့ ပမာဏက ပိုများလာမှာပါပဲ။

တကယ်လို့သာ ကြွပ်ကြွပ်အိတ်မဟုတ်တဲ့ အခြားပစ္စည်းတွေ အသုံပြုရင် အလွယ်တကူ Recycle လုပ်လို့ရမှာပါပဲ။ အဲလိုမဟုတ်ခဲ့ရင် ကြွပ်ကြွပ်အိတ်တွေကို စနစ်တကျမြေမြှုပ်ပစ်ခဲ့မယ်ဆိုရင်လည်း အရုပ်ဆိုး အကျည်းတန်တဲ့မြင်ကွင်းကို တွေ့မြင်ရမှာမဟုတ်ဘူး။ လှပသာယာတဲ့ နေရာတစ်ခုနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ကြွပ်ကြွပ်အိတ်တွေကို အခုလို စွန့်ပစ်ထားတာဟာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးကို နားမလည်ကြလို့ပါဘဲ။ ဒီအိတ်တွေကို တစ်နေရာမှာတော့ မီးရှို့နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကြွပ်ကြွပ်အိတ်တွေကို မီးရှို့တာဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

ကြွပ်ကြွပ်အိတ်ပြဿနာတင် မကပါဘူး။ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေကြတာလည်း ကျွန်မတို့ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုတစ်ခုပါ။ အမှိုက်ပုံးတွေရှိနေပါလျက်၊ အမှိုက်ကန်တွေ ရှိနေပါလျက်နဲ့ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေရပါတယ်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ကြတာ တွေ့ရပါတယ်။ ရေမြောင်းတွေ ရေစီရေလာကောင်းမွန်နေမှသာ သူ့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ သူ့တို့ ရေစီးရေလာကောင်းနေမှ ရေကြီး၊ ရေလျှံတာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ကြခြင်းရဲ့ နောက်ဆက်တွဲရလဒ်ကို ကျွန်မတို့ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ရန်ကုန်မှာတစ်ခါမှ မဖြစ်ဖူးတဲ့ ရေကြီးရေလျှံမှုမှာ ရေမြောင်းတွေထဲအမှိုက်တွေ ပိတ်ဆို့နေတာကလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ရေနုတ်မြောင်းတွေ ဘယ်လောက်ပဲဆယ်ဆယ် အမှိုက်တွေ ထပ်ပစ်ချနေရင်တော့ အရာရောက်မှာမဟုတ်ပါဘူး။ လူတွေရှိနေသမျှ အမှိုက်တွေရှိနေကြမှာပါပဲ။ ဒါပေမယ့် `ကိုယ့်အသိစိတ်ဓာတ်´ ရှိရှိနဲ့ စနစ်တကျ စွန်ပစ်သွားမယ်ဆိုရင် သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။

အမှိုက်လို့ ဆိုရာမှာလည်း Recycle လုပ်လို့ရတဲ့အမှိုက်တွေ ရှိပါတယ်။ စက္ကူလို အမှိုက်၊ ကော်နဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေဟာ Recycle လုပ်နိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အမှိုက်ထွက်နှုန်းနည်းသွားအောင် ကျွန်မတို့ပြုလုပ်နိုင်ပါလိမ့်မယ်။ စက္ကူကို တစ်ဖက်ထဲရေးတာထက်၊ နှစ်ဖက်ရေးတာ၊ မလိုအပ်ဘဲနဲ့ စာရွက်တွေကို အများမသုံးတာမျိုးပေါ့။ ဓာတ်ခဲတွေဆိုရင်လည်း တစ်ခါသုံးဓာတ်ခဲမသုံးဘဲနဲ့ Charging ပြန်သွင်းလို့ရတဲ့ ဓာတ်ခဲသုံးသင့်ပါတယ်။

ဘောပင်တွေကို တစ်ခါသုံးဘောပင် အသုံးမပြုဘဲနဲ့ Refill ပြန်ထည့်လို့ရတဲ့ ဘောပင်တွေကို အသုံးပြုတာကလည်း သင့်တော်ပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် ဘောပင်ကိုယ်ထည်ကို လွင့်ပစ်စရာမလိုဘဲနဲ့ ဆက်အသုံးပြုနိုင်သလို ငွေကြေးအကုန်အကျလည်း သက်သာပါတယ်။ ကျွန်မဆီမှာ Montex တံဆိပ် ဘောပင်တစ်ချောင်းရှိပါတယ်။ သူက non-dry ink အမျိုးအစားပါ။ အထဲက မင်ချောင်း မင်ကုန်သွားတဲ့အခါ အရွယ်အစားတူ၊ အရောင်တူတဲ့ Refill ၀ယ်ထည့်ပါတယ်။ ရေးရတာ အဆင်ပြေသလို Refill တစ်ခုကို ၄၀ကျပ်ပဲပေးရတဲ့အတွက် အလွန်ဈေးသက်သာပါတယ်။


စာရွက်တွေကို မလိုအပ်ပဲ အများကြီးသုံးမယ့်အစား ကျွန်မက ဖြတ်စသေးသေးတွေ ဒါမှမဟုတ် မှတ်စုစာရွက်သေးသေးလေးတွေကိုပဲ သုံးပါတယ်။ မှတ်သားစရာရှိတဲ့ အချက်အလက်တွေကို အဲဒီစာရွက်တွေမှာပဲ ရေးလိုက်ခြင်းအားဖြင့် စက္ကူချွေတာရာရောက်ပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ခေတ်မီလူ့အသုံးအဆောင်တွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအသုံးအဆောင်တွေကနေပဲ သဘာဝ ပတ်ဝန်ကျင်ကို ပျက်စီမှုတွေ ဖြစ်ပေါ်စေတာကိုတော့ ကျွန်မတို့ သတိပြုသင့်ပါတယ်။`ဖန်လုံအိမ် အာနိသင်´ ဆိုတဲ့စကားလုံးကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာသံကိုလည်း ကြားရပါတယ်။ မလိုအပ်ဘဲနဲ့ စက်ကိရိယာတွေ၊ ဇိမ်ခံပစ္စည်းတွေကို အသုံးပြုခြင်းကနေ ထွက်ရှိလာတဲ့ ကာဗွန်တွေဟာ ကမ္ဘာ့လေထုထဲမှာ ပိုများလာနေပါပြီ။ ကျွန်မမှာ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ဆံပင်ခြောက်ခံကိရိယာ၊ လေအေးပေးစက် စတဲ့ ပစ္စည်း ဘာဆိုဘာမှ မရှိပါဘူး။ လတ်လတ်ဆတ်ဆတ် အသီးအနှံနဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားတဲ့အတွက် ရေခဲသေတ္တာမလိုပါဘူး။ သောက်ရေအိုးထဲက ရေဟာ ရေခဲသေတ္တာထဲက ရေထက်ပိုပြီး သဘာဝကျကျ အေးမြပါတယ်။

ဒီနေ့အချိန်မှာ ခြင်ဆေးအခွေတွေလည်း တံဆိပ်အမျိုးမျိုးနဲ့ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ခြင်ဆေးတွေဟာတကယ်ရော ခြင်ကို နှိမ်နင်းနိုင်သလားဆိုတာ မေးခွန်းထုတ်စရာပါ။ ခြင်ဆေးခွေထွန်းရာက ထွက်ပေါ်လာတဲ့ အနံ့တွေကလည် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒီကြားထဲကမှ ထူးထူးခြားခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေထားထုတ်လုပ်တဲ့ ခြင်ဆေးခွေတစ်မျိုးကိုတွေ့ရပါတယ်။ “Fuji” နနွင်တက် ခြင်ဆေးခွေပါ။ တခြားခြင်ဆေးခွေတွေလို အနံ့လည်းမပြင်းတဲ့အတွက် ဈေးလည်းသက်သာတဲ့အတွက် ကျွန်မ ၀ယ်သုံးဖြစ်ပါတယ်။

ကျွန်မတို့ဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာနေပြီးလို့ ညည်းညူနေမယ်အစား ဘယ်လိုနည်းလမ်းတွေက အဆင်ပြေစေမလဲဆိုတာ စဉ်းစားဖို့ လိုနေပါတယ်။ ငယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင်လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ မြင်ပါတယ်။ Environmental Studies ကို အလယ်တန်းလောက်ကစပြီး ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနိုင်ခဲ့ရင် နောင်လာမယ် အနာဂတ်အတွက် အများကြီး အထောက်အကူရနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုဆိုရင် လူငယ်တွေဟာ သစ်တောတွေကို ချစ်တတ်လာမယ်၊ မြစ်တွေ၊ ပင်လယ်တွေကို သူ့သဘာဝအတိုင်း လှပစေလိုမယ်၊ လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုကို တစ်ထောင့် တစ်နေရာက ကာကွယ်ပေးလိုစိတ်တွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကြွပ်ကြွပ်အိတ်တွေနေရာမှာ Recycle လုပ်လို့ ရတဲ့ စက္ကူအိတ်တွေသုံးမယ်။ ဒါမှမဟုတ် ရိုးရာဆန်တဲ့ဖက်ရွက်တွေကိုပဲသုံးမယ်ဆိုရင် ကြွပ်ကြွပ်အိတ်ပြဿနာကို အနည်းနဲ့ အများတော့ ဖြေရှင်းနိုင်လိမ့်မည်။ ရေမြောင်းတွေထဲကို အမှိုက်ပစ်ချဖို့ ကြံလိုက်တိုင်း ရေကြီးရေလျှံမှုကို ဖိတ်ခေါ်သလို ဖြစ်မလားဆိုတဲ့ အသိလေးတစ်ချက်ဝင်လိုက်တယ်ဆိုရင် အဲလိုလုပ်ဖို့ ၀န်လေးသွားပါလိမ့်မယ်။ မိမိနဲ့ ရင်နှီးသူတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းမှုရဲ့ အရေးကြီးပုံကို နားလည်ထားသလောက် ပြောပြသင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖိုအတွက် တစ်တပ်တစ်အားပါဝင်မယ်လို့ စိတ်ကူးထားရင် ဒီနေ့ကစပြီးလုပ်ဆောင်လိုက်ပါ။ အနည်းဆုံးတော့ မိမိနေထိုင်ရာ ပတ်ဝန်ကျင်တစ်ဝိုက်ကို ထိန်းသိမ်းပြီးသား ဖြစ်မှာပါ။ ကျေးငှက်လေးတွေရဲ့ တေးသီသံကြားရတဲ့ စိမ်းညို့တဲ့သစ်ပင်တွေကို ရှုမောမဆုံး တွေ့မြင်ရတဲ့၊ ရှင်းသန့်တဲ့ မိုးကောင်းကင်ကို တွေ့မြင်ရတဲ့ ကမ္ဘာမြေရဲ့ ရက်စွဲတွေကို ဖန်တီးဖို့ အချိန်တွေ သိပ်နောက်မကျသေးဘူးထင်ပါရဲ့။

သွေး (စစ်ကိုင်း)

အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း အတွဲ ၂၊ အမှတ် (၅)၊ မတ်လ၊ ၂၀၀၈ မှ ဆောင်းပါးရှင် သွေး (စစ်ကိုင်း) ရဲ့ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Sunday, March 30, 2008

Earth Hour

ခုတလော ဒီစိမ်းလန်း ဘလော့လေးမှာ ရေးချင်တာလေးတွေ စိတ်ထဲမှာ ရှိပေမယ့် အခွင့်မသာလို့ မရေးဖြစ် ဖြစ်နေတာကို ခွင့်လွှတ်ကြစေချင်ပါတယ်။ မနေ့ကလည်း Earth Hour အတွက် ပို့စ်အသစ်တင်ချင်ပေမယ့် အချိန်မီ မတင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Earth Hour အကြောင်းလေးကို တင်ဖြစ်အောင် တင်ဖြစ်ချင်တာမို့ ဒီပို့စ်လေးကို ကြိုးစားရေးလိုက်ပါတယ်။

ဒီ Earth Hour ဆိုတာလေး စတင်ခဲ့ပုံကတော့ ဒီလိုပါ။ ကမ္ဘာမြေပူနွေးလာမှုအပေါ် လူတွေ စိတ်ပါဝင်စား တက်ကြွစွာ ပါဝင်လှုပ်ရှားလာအောင် ဘယ်ပုံဘယ်နည်းနဲ့ စည်းရုံးကြမလဲဆိုတဲ့ မေးခွန်းလေးနဲ့ စခဲ့တာပါ။ ဒီမေးခွန်းအတွက် အဖြေအနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့သူမြို့သားများကို သူတို့ဆီက မီးတွေ တစ်နာရီ တိတိ ပိတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာ လူပေါင်း ၂.၂သန်းနဲ့ လုပ်ငန်းပေါင်း ၂၁၀၀တို့ဟာ ၁၉၉၇ခုနှစ် မတ်လ ၃၁ရက်နေ့မှာ တစ်နာရီတိတိ Earth Hour အဖြစ် သတ်မှတ်ပြီး သူတို့ သုံးစွဲနေတဲ့ မီးတွေကို ပိတ်ထားခဲ့ကြပါတယ်။ ဒါကို ကမ္ဘာပေါ်က တခြား နိုင်ငံများ မြို့ကြီးများကလည်း အတုယူပြီး Earth Hour ကို ကမ္ဘာ့လှုပ်ရှားမှု အနေနဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြပါပြီ။

၂၀၀၈ခုနှစ်မှာလည်း မတ်လ ၂၉ရက်နေ့မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက မြို့ကြီးများက မီးများကို တစ်နာရီတိတိ ပိတ်ပြီး Earth Hour ကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။



တကယ်တော့ Earth Hour အဖြစ် မတ်လ ၂၉ရက်နေ့မှသာ မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း တစ်နေ့တစ်နာရီ အနည်းဆုံးထားလို့ မလိုအပ်တဲ့ မီးတွေကို ပိတ်ပစ်ရင်ဖြင့် နေ့တိုင်းဟာ Earth Hour ဖြစ်နေမှာပါပဲ။ လူတစ်ယောက်တည်း တစ်နာရီ စွမ်းအင်တွေ ချွေတာသုံးသလို ကျွန်မတို့ အားလုံးကသာ စွမ်းအင် ချွေတာသုံးစွဲတာကို လိုက်နာကျင့်သုံးကြမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ကြီးမားပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့ရဲ့ နေ့တိုင်းနေ့တိုင်းမှာ Earth Hour အဖြစ် တစ်နာရီလောက်ကလေးပဲ ဖြစ်ဖြစ် သတ်မှတ်ပြီး စွမ်းအင်ချွေတာခြင်းတွေ ကျင့်သုံးကြပါစို့လား။

Earth Hour website - http://www.earthhour.org/

Wednesday, March 12, 2008

ပုံမှန်ပိုင်ဆိုင်ခွင့် ..။

ချစ်သူက ..
စိမ်းဖန့်ဖန့် သစ်ရွက်တွေကြားက ..
ဖြူလွှလွှ တရုပ်စကားပန်းလေးတွေကို မြတ်နိုးသတဲ့ ..။
ကျနော့်ရဲ့ ဖြူစင်သင်းပျံ့တဲ့ ချစ်ခြင်းတွေနဲ့
ထပ်တူညီနေလို့တဲ့ဗျာ ..။

ချစ်သူက ..
မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်သန်းလာတဲ့ ..
မွှေးမြမြ လေညင်းသန့်သန့်တွေကို တန်ဖိုးထားသတဲ့ ..။
ကျနော့်ကိုယ်ရနံ့လေးကို မှတ်မိစေဖို့
ယူဆောင်ပေးတတ်လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြတင်းတံခါးဝနားက သစ်ကိုင်းဖျားမှာ လာနားနေကြ ငှက်ငယ်တွေရဲ့ ..
ကျီကျီကြာကြာ အော်မြည်သံတွေက .. သူ့ကို ပီတိ ဖြစ်စေသတဲ့ ..။
ကျနော်ဆိုပြတတ်တဲ့ သံစဉ်သီချင်းတွေလိုပဲ ..
ချိုမြ အေးချမ်းခြင်းတွေကို ခံစားရလို့တဲ့ဗျာ ..။
ချစ်သူက ..
ကြည်ကြည်လင်လင်နဲ့ တသွင်သွင် စီးဆင်းနေတဲ့ ..
ဧရာဝတီအပါအ၀င် မြစ်ချောင်းတွေကို တန်ဖိုးထားသတဲ့ ..။
ဒီမြစ်ချောင်းတွေက ရေအလျဉ်တွေလိုပဲ
ကျနော့်အချစ်တွေ ထာဝရ စီးဆင်းနေမှာမို့လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြာလွင့်လွင့် ကောင်းကင်ကျယ်ကြီးဟာ သူ့ဘ၀ပါတဲ့ ..။
ဒီတမိုးအောက်မှာ ကျနော်နဲ့အတူတူ ရှိနေရလို့တဲ့ဗျာ ..။
ချစ်သူက ..
လက်ညိုးထိုးမလွဲတဲ့ စိမ်းရောင်စို တောအုပ်တွေကို
တစိမ့်စိမ့်တွေးပြီး ကြည်နူးတတ်သတဲ့ ..။
ကျနော်တို့ နှစ်ယောက်ရဲ့ဘ၀လိုပဲ .. တွေးမထင်ထားတဲ့
လျှို့ဝှက်ချက်တွေ ပိုင်ဆိုင်ကြလို့တဲ့ဗျာ ..။
ချစ်သူက ..
ဟိုး .. အဝေးဆီမှာ မြင်နေရတဲ့ ..
မှိုင်းညို့ညို့ တောင်တန်းတွေကို နှစ်သက်သတဲ့ ..။
ကျနော့်ကို လွမ်းတိုင်း တောင်တန်းတွေကို ..
သက်သေပြု တိုင်တည်နေကြမို့လို့တဲ့ဗျာ ..။

ကျနော်တို့နှစ်ယောက်ရဲ့ နှောင်ကြိုးတွေ ..
ကမ္ဘာ .. တည် .. သ .. ရွေ့ .. ရွေ့ .. ရွေ့ ..
ရွေ့ ...
..
.
ဟေ့ရောင်ရာ .. ကဗျာရွတ်တာတွေ ရပ်ပါတော့ ..
မင်းအိမ်နားက တရုပ်စကားပင်ကြီးလည်း အခုတ်ခံလိုက်ရပေါ့ ..
ငှက်တွေလည်း အဝေး ပျံကုန်ကြပြီလေကွာ ..
မြက်ခင်းတွေ မစိမ်းနိုင်တာ
လည်းကြာပေါ့ .. ငါ့ကောင်ရာ ..
ကားကျပ်ကျပ်နဲ့ ဖုန်တထောင်းထောင်းမှာ
ကျင်လည်နေရတဲ့ ငါတို့ဘ၀ကွာ ...
... လေသန့်သန့်ဆိုတာ ...
ကောင်းကင်ကြီး ပြာတာတောင် တော်တော်ရှားနေတဲ့ အဖြစ် ..
ဘ၀မှာ မထင်တာတွေ များတာတော့ သေချာတယ်..
တောအုပ်ကြီးတွေကိုယ်တိုင် ပေးဆပ်ပြီး သက်သေပြနေတယ်လေကွာ ..
ညိုမှိုင်းမှိုင်းတောင်တန်းတွေတောင် အညိုနုရောင် ပြောင်းကုန်ကြပြီ ..
မြစ်ချောင်းတွေလည်း မကြည်မလင်နဲ့ ..
... တသွင်သွင်ဆိုတာ ဝေလာဝေးပေါ့ကွာ ...
ဒါပေမယ့် .. မင်းအိပ်မက်တွေ ဆက်မက်နိုင်ပါတယ် ..
ကောင်းကင်ကြီးအောက်မှာ .. ကမ္ဘာမြေကြီးတနေရာမှာ ..
ပုံမှန်အခြေအနေတွေ ပိုင်ဆိုင်နိုင်ခွင့်အတွက် ..
အလင်းအိပ်မက်တွေ .. ဖြစ်စေကွာ ..။

... 99 ...

Saturday, March 8, 2008

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

ညီမလေး ဆုဝေက စိမ်းလန်းဘလော့မှာ ပြန်လည်မျှဝေဖို့ ပို့ပေးလိုက်တဲ့ ဆရာမ ခင်မြဇင် ချင်းတွင်း မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။

ဒဏ်ရာရ မြစ်တစ်စင်းဆီသို့

နေရောင်က ကြဲကြဲတောက် ပူလောင်လှသည်။ တစ်ဖက်ကမ်းမှ စက်များ၏မြည်သံက မိုးခြုန်းသံကြီးများသဖွယ် တဂျုန်းဂျုန်း တဂြိမ်းဂြိမ်း ဆူညံလျက် တစ်စက္ကန့်မှ ပြတ်လပ်မသွား။
မရပ်မနား ဒလစပ် မြည်နေ၊ ဟီးနေလိုက်ပုံက အာရုံကြောတို့ကို ထိခိုက်အောင်ပင် ပူသည့် နေရောင်ကြောင့် ဆူဝေေ၀ဖြစ်နေသော ဦးနှောက်ကို နားမခံသာစရာ အသံဗလံတို့က နှောင့်ယှက်လိုက်ပြန်သဖြင့် အမလေးတပြီး ထွက်ပြေးချင်စရာ ကောင်းနေခဲ့သည်။
ကဲ ကြည့်စမ်း ဒီလှေဆိပ် ရေဆင်းတံတားလေးပေါ်မှာ ရပ်နေသည်မှာ ငါးမိနစ်ပင် မပြည့်သေးပါလား။
ဂျူရိုမြစ် ( Duro River )ကို လေ့လာဖို့ ခေါ်လာသည့် အဖွဲ့မှလူတွေ ရှင်းပြသံက မကြားတစ်ချက် ကြားတစ်ချက်။
မြစ်ရေက မီးခိုးရောင် တရွေ့ရွေ့ စီးဆင်းနေသည်။
ပင်လယ်ဆီသို့ စီးဝင်သည့် မြစ်တစ်စင်းဖြစ်ပြီး ကျွန်မတို့ ရပ်နေကြသည့် နေရာမှာ ပင်လယ်ဝကို မြင်နေရသည့် နေရာလည်း ဖြစ်သည်။ ပင်လယ်ဆီက ခပ်ပြာမှိုင်းမှိုင်း၊ ခပ်လှမ်းလှမ်းတွင် လှေတစ်စင်းတစ်လေကို လှမ်းမြင်နေရသည်။
မြစ်ထဲက သဲတွေက အမဲရောင် …
မြစ်သည် အမှုန်အနည်များဖြင့် သန့်ရှင်းမှုမရှိ။ လေးလံအိတွဲစွာ စီးဆင်းနေပုံကလည်း သူ၏ရှင်သန်မှုတို့ ပျက်ယွင်းခဲ့ရပုံကို ဖော်ပြနေခဲ့သည်။
တစ်ဖက်ကမ်းမှ ဒီရေရောက် တောအုပ်ကလေးဆီ ငေးကြည့်မိသည်။ ထိုနေရာမှာတော့ အရိပ်ကြောင့် စိမ်းမှောင်မှောင် …
ကိုက် ၂၀ ခန့်သာ ကျယ်ဝန်းသည့်မြစ်၏ ဟိုဖက်ကမ်း လတာပြင်ပေါ်မှာ နေရောင်တစ်ပိုင်း ကျနေသည်။
မရပ်မနားစက်သံများက ခေါင်းကိုက်အောင် ပြုလုပ်နေဆဲ၊ နားကွဲမတတ် ဆူညံနေဆဲ။ စက်သံများကို ကြားကြားချင်း ဟိုဖက်ကမ်းမှာ နိုင်ငံတကာ လေယာဉ်ကွင်းကြီးတစ်ခုများ ရှိသလား ထင်မှတ်ခဲ့ရသည်။ ကြောက်ခမန်းလိလိ အသံများမှာ အခြားမဟုတ်ပါ။ လွတ်လပ်သော စက်မှုဇုန်မှ သံမဏိစက်ရုံများနှင့် အခြားစက်ရုံများ၏ အော်သံမြည်သံများပါ။
ကမ်းနားမှာ ဆိုက်ကပ်ထားသည့် စက်လှေကလေးတွေက ဆေးပျက်ပြယ်၍ အိုဟောင်းနေသည့်လှေတွေ ရေစူးမှတ်သည့် ဖော့များပေါ်မှ ရောင်စုံအလံကလေးများမှာလည်း အရောင်လွင့်ပြယ်လျက်။
ကမ်းနားတွင် ခရုသေများ၏ အပုပ်နံ့ကလည်း တထောင်းထောင်း ထနေသည်။ ဆူနာမီနှင့်အတူ ပါလာသည့် ခရုများမှာ ယခုထိ ဆယ်လို့မကုန်နိုင်လို့ ပြောကြသည်။ ခရုများမှာ ဂုံးခရုနှင့် စေတီပုံ ခရုငယ်များ ဖြစ်သည်။
ဂျူရိုမြစ်သည် ကွာလာဂျူရိုခေါ် ရွာကလေးအနီးမှဖြတ်၍ ပင်လယ်ထဲသို့ စီးဆင်းသည်။ အထက် (၇)မိုင်ခန့်တွင်လည်း ရွာတစ်ရွာရှိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံ ပီနန်ကျွန်းအနီး ကျွန်းမကြီးဆီမှ တံငါရွာကလေးများသို့ လိုက်ပို့မည့် အစီအစဉ်ကို မနက်ခင်းကပင် စိတ်ဝင်တစား ရှိခဲ့သည်။
ယခုတော့ စူးရှရှနေရောင်၊ ဆူညံလွန်းသည့် အသံဗလံများနှင့် အပုပ်နံ့တထောင်းထောင်း ခရုများ။
( ၂ )
၁၉၇၈ ခုနှစ်လောက်က ဂျူရိုမြစ်ထဲမှ ငါးတွေတထောကြီး ဖမ်းမိခဲ့ကြသည်။ ငါးသေတွေလည်း မြစ်ထဲမှာ ပေါလောပေါ်လျက် မြစ်တစ်ခုလုံး ငါးတွေနှင့် ဖွေးနေကြသည်။ ထိုငါးတို့ကို တစ်ရွာလုံး ၀မ်းသာအားရ သယ်ယူခဲ့ကြသည်။ ဒိုင်သို့သွား၍ သွင်းခဲ့ကြသည်။ ဒိုင်များက ငါးများကိုကောက်ကာ မြို့ဈေးသို့ သွားသွင်းကြသည်။
အိမ်ရှင်မတွေ၊ လင်ယောက်ျားအပြန် ငါးဖိုးတွေရဖို့ မျှော်လင့်ကြသည်။ ဒိုင်တွေကလည်း မြို့ရှိဈေးကွက်သို့ ဖြန့်ပြီးမှ ပြန်ရှင်းပေးကြမည်။
မြို့ဈေးမှာလည်း ထိုနေ့အဖို့ ငါးတွေပေါမှပေါ၊ အိမ်ရှင်မတွေ ငါးဟင်းချက်ဖို့ ၀ယ်ယူသွားပြီး ငါးကိုဗိုက်ခွဲလိုက်တော့ ငါးတို့၏ခန္ဒာကိုယ်ထဲက အမည်းရောင် ဓာတုပစ္စည်း အဆိပ်ရည်များနှင့် ပုပ်အဲ့အဲ့ အနံ့များ၊ အိမ်ရှင်မတွေက ဈေးသည်တွေကို စိတ်ဆိုးကြသည်။ ဈေးသည်ကို ရန်တွေ့ပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုကြသည်။
မစားကောင်းသည့်ငါးတွေကို ညာရောင်းသဖြင့် ဒေါသဖြစ်ကြရသည်။ ထိုနေ့အဖို့ ရွာကအိမ်ရှင်မတွေလည်း လက်ချည်းဗလာ ပြန်လာခဲ့ကြသော ခင်ပွန်းတို့နှင့် ရင်ဆိုင်ရသည်။ 'ဒိုင်တွေက ပိုက်ဆံရှင်းမပေးလိုက်။
ထိုအချိန်မတိုင်မ်ီအထိ မြစ်ရေထဲမှာ ဓာတုအဆိပ်တို့ သင့်ခဲ့ပြီဖြစ်ကြောင်း တိတိပပ မသိခဲ့ကြပေ။ ထိုမှစ၍ ဂျူရိုမြစ်အတွင်း ဓာတုအဆိပ်သင့်မှု ပြဿနာသည် တစ်ကမ္ဘာလုံးသိသော ပြဿနာဖြစ်လာခဲ့ပြီး ဂျုရိုမြစ်သည် သေနေသောမြစ်တစ်စင်း ဖြစ်ခဲ့ရသည်။
ကွာလာဂျူရိုရွာကလေးမှာ တံငါရွာဆိုသော်လည်း ခယိုးခယိုင် တဲအိုများနှင့် ရွာမျိုးမဟုတ်။ အိမ်တွေက တောင့်တောင့်တင်းတင်း၊ ကားတွေ ဆိုင်ကယ်တွေနှင့် စီးပွားဖွံ့ဖြိုးခဲ့သော ရွာကလေးဖြစ်သည်။
လူဦးရေ ၇၀၀ ကျော်ရှိသည်။ ရွာ(၂)ရွာကို ဖြတ်စီးဆင်းသည့် ဂျူရိုမြစ်၏ ရေအရောင်လည်း ညစ်မွဲမွဲ ဖြစ်လာခဲ့သည်။
" ငါးတစ်ကောင်မှ မရတော့ "
မြစ်ထဲမှာ ငါးတွေမရှိတော့ပေ။
၁၉၇၈ ခုနှစ်လောက်က ဓာတုအဆိပ်သင့်မှု ပြဿနာကို အရေးယူပေးရန် ရွာသားများက ခက်ခက်ခဲခဲပင် တာ ၀န်ရှိသူများထံ တင်ပြခဲ့ရသည်။
ပီနန်မြို့ရှိ စားသုံးသူများအသင်းကလည်း ထိုပြဿနာကို စိတ်ဝင်တစား ရှိခဲ့သည်။ စားသုံးသူများအသင်းမှ ရှေ့နေများနှင့် ကျွမ်းကျင်သူများက ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ရွာသားများကို ကူညီခဲ့ကြသည်။ သက်ဆိုင်ရာက စက်ရုံများသို့ ဓာတုပစ္စည်း၊ အညစ်အကြေးများကို မြစ်ထဲသို့ တိုက်ရိုက်စွန့်မပစ်ဘဲ စစ်၍ သန့်စင်သည့်စက်များဖြင့် သန့်စင်ပြီးမှ စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့တိုင် တစ်ချို့စက်ရုံများကသာ လိုက်နာခဲ့ကြသည်။ ဂျူရိုမြစ်ကမ်းဘေးတွင် သံမဏိစက်ရုံ၊ သကြားစက်ရုံ၊ ဆန်စက်ရုံနှင့် အမျိုးမျိုးအစားစားသော စက်ရုံများက ၀န်းရံနေခဲ့သည်။
သို့ဖြင့် ၂၀၀၆ ခုနှစ်သို့ ရောက်ရှိလာခဲ့သည်။
တံငါရွာကလေး၏ လူမှုဘ၀ပုံစံလည်း ပြောင်းလဲသွားခဲ့ရသည်။
( ၃ )
ရွာမှကလေးငယ်များမှာ ရွာအ၀င် ကစားကွင်းတွင် ပိုက်ကျော်ခြင်း ကစားနေကြသည်။ ၁၄-၅ နှစ်အရွယ် ကလေးများဖြစ်သည်။ ခြေဖြင့်ခတ်နေကြသည့် ခြင်းဝိုင်းတစ်ဝိုင်းလည်း တွေ့ရသည်။ အတန်ငယ်သည့် ကလေးတစ်ချို့က ဆီးဆောစီးကာ တစ်ချို့က ဒန်းလေးစီးကာ ဆော့ကစားနေကြသည်။
မြင့်မားသည့် ကျောက်တောင်ကြီးက ရွာကလေးကို စီးမိုးထားခဲ့သည်။ လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်မတိုင်မီကဆိုလျှင် ကွာလာဂျူရို ရွာကလေးသည် သဘာဝအရင်းအမြစ် ကြွယ်ဝသည့် ရွာကလေးဖြစ်ခဲ့သည်။ ကွာလာဂျူရို ရွာသားတို့ စီးပွားရေးကောင်းခဲ့ကြသည်။ ဗီယက်နမ်မှပင် သူတို့ရွာကလေး၏ ငါးဖမ်းလုပ်ငန်းကို လာလေ့လာကြရသည်ဟု ဆိုကြသည်။
ယခုတော့ မိဘများ၏ စီးပွားရေး ဘ၀အရိပ်သည် ထိုကလေးငယ်များအပေါ်သို့ ၄င်းတို့၏ ရွာကလေးအပေါ် စီးမိုးနေသည့် ကျောက်တောင်ကြီးသဖွယ် အုပ်မိုးနေပြီလားလို့ ကျွန်မ တွေးနေမိသည်။
ဂျပန်ပြည်မှာတော့ မြစ်ငါးတို့သည် ဓာတုအဆိပ်သင့်နေသဖြင့် ရေချိုငါးကို မစားကြရတော့ကြောင်း ဖတ်ရဖူးသည်။ တရုတ်ပြည်မှ ယန်စီမြစ်မှာလည်း မြစ်ကမ်းဝဲယာမှ စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်လာသဖြင့် မြို့ပေါင်း ၂၀၀ ကျော်မှာ သောက်သုံးရေရှားပါးမှု ဖြစ်လာတော့မည့်အကြောင်း ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည်။
ဖြစ်ပြီးမှ ပြုပြင်ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါလား တွေးရသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးမှုနှင့်အတူ မြို့ပြတွေ ဖွံ့ဖြိုးလာခဲ့ကြသည်။ သို့သော် မြစ်တွေ ချောင်းတွေ ထိုရေထဲက သက်ရှိတွေကိုတော့ မစဉ်းစားခဲ့မိကြပါလား။
ဂျူရိုမြစ်ထဲမှာ ပင်လယ်ဝမှာ ငါးရှာရင်း ဆားငန်လေကို ရှူရှိုက်ကာ လွတ်လပ်စွာ အသက်မွေးနိုင်ခဲ့သော တံငါသည်တို့နှင့် ယင်းတို့၏မျိုးဆက်များသည် တစ်မြို့တစ်ရွာ ပြောင်းသူပြောင်း၊ စက်မှုဇုန်ရှိ စက်ရုံများဆီသို့ အလုပ်သမား သွားလုပ်သူလုပ်၊ အသက်မွေးမှု ပုံသဏ္ဍာန် ပြောင်းလာသလို မြစ်၏ အဆိပ်သင့်မှု ပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ မစဉ်းစားနိုင်ကြတော့ပေ။ တစ်ကိုယ်စာ ၀မ်းရေးအတွက် အဖြေရှာရင်း ရွာသားတွေလည်း စည်းလုံးညီညွတ်မှု မရှိတော့ဟု ဆိုသည်။ ကျွန်မတို့ကို လိုက်ပို့ခဲ့သော စားသုံးသူအသင်းမှ အမျိုးသမီးကြီးသည် အဆိပ်သင့်မှုကို ကာကွယ်ဖို့ ညီညွတ်ခဲ့ကြသော အတိတ်ကို ပြန်လည်သတိရနေသယောင်ယောင် … ။
( ၄ )
" ငါးကြင်းတွေဆန် ငါးဒန်တွေ သောင်ခြေ … ဦးမှာလလေး "
ယမုံနာပတ်ပျိုးထဲမှ တေးသွားတစ်စ နားထဲမှာ ကြားယောင်လာသည်။
ကျွန်မတို့၏ ဇာတိမြို့ကလေးက ဧရာဝတီမြစ်ကမ်းမှာ ထိုသီချင်းသံကို ကြားရတိုင်း ဘာကြောင့်မှန်းမသိ လွမ်းရတတ်သည်။
မနက်တိုင်း ဈေးထဲမှာ ငါးကြင်းတွေ၊ ငါးကျောင်းတွေ၊ ငါးဒန်တွေ၊ ငါးမြင်းတွေ လတ်လတ်ဆတ်ဆတ် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာသို့ ဘုရားဖူးလာတတ်သည့် ဧရာမငါးကြီးများ …
မြစ်ကမ်းသောင်စပ်မှာ ညနေခင်း၏ နေရောင်အောက်တွင် နားနေကြသည့် ဟင်္သာငှက်များ …
ဂျူရိုမြစ်က ကျွန်မတို့နှင့် အဝေးကြီးမှာ။ မလေးရှားသို့ မရောက်ခင်အထိ သူရှိမှန်း ကျွန်မ မသိခဲ့ပါ။ ဂျူရိုမြစ်ကမ်းကအပြန် ကားပေါ်တွင် ဧရာဝတီကို သတိရနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်က ပဲခူးမြစ်ကမ်းဘေး မြို့ကလေးမှာ နေခဲ့ရပုံကိုလည်း သတိရမိသည်။ ညဉ့်ဆိုလျှင် ပုဇွန်ဖမ်းမော်တော်ကလေး၏ စက်သံသဲ့သဲ့ ကြားရသည်။ မနက်ပိုင်းတွင် မြို့ကလေးကို လှည့်လည်၍ ရောင်းတတ်သည်။ ဈေးသည်၏ ဈေးဗန်းထဲမှ စိမ်းစိမ်းလတ်လတ် ပုဇွန်ထုပ်များ။ မြစ်တွေ ချောင်းတွေက မြေဆီအနှစ်ကျ၍ သောင်တို့ပေါ်ထွန်းခဲ့လျှင် မြစ်ကမ်းဘေးမှ စိုက်ခင်းများ၊ ဖရဲတွေ၊ ဆေးရွက်ကြီးတွေ၊ ပြောင်းခင်းတွေ၊ နှမ်းခင်းတွေ၊ ပန်းခင်းတွေ၊ မြစ်ဆီမှ ဖြတ်သန်းတိုက်ခတ်လာတတ်သည့် သန့်ရှင်းလတ်ဆတ်သော လေနှင့် ဘ၀ကို ချစ်ခင်မြတ်နိုးစေသော သာယာလှပသည့် ရှုခင်းများ …
ဂျူရိုမြစ်က နောက်ကျိကျိရေနှင့် မစီးချင်စီးချင် စီးဆင်းရာက ကျွန်မကို တစ်စုံတစ်ရာ ပြောခဲ့သည်ထင်သည်။
`` ရှင်ရော မြစ်တွေကို ချစ်တတ်သူလား
ကျွန်မမှာတော့ ဒဏ်ရာသင့်ခဲ့ပြီ ´´
ဂျူရိုမြစ်က ပင်လယ်ဆီသို့ စီးဆင်းသွားခဲ့သည်။ ဒါဆိုလျှင် မြစ်ဆီမှ သယ်ဆောင်သွားသည့် ဓာတုအညစ်အကြေးတို့က ပင်လယ်ကိုပါ အဆိပ်မသင့်စေဘူးလား။
တဖြည်းဖြည်း တရွေ့ရွေ့ စီးဆင်းနေသောမြစ်က ဒဏ်ရာရ နဂါးတစ်ကောင်ပမာ။ နဂါးဆိုလျှင် သူ့အာခံတွင်းမှာ ငုံထားခဲ့သည့် ပတ္တမြားမျက်ရှင်သည် လွတ်ကျ ကွဲကြေခဲ့လေပြီ။ အဆိပ်လူးမြားမှန်၍ သူ့ဝိညာဉ် ချုပ်ငြိမ်းရလုပြီ။
ကျွန်မ သူ့ကို ငါးတွေပေးချင်သည်။ ငှက်ကလေးတွေ ပြန်ပေးချင်သည်။ လျှော်ဖွပ်လို့သာ ရမည်ဆိုလျှင် သူ့မြစ်ရေတွေကိုပါ လျှော်ဖွပ်သန့်စင်လို့ ပေးလိုက်ချင်ပါသည်။ သို့သော် သူ့မှာက အထက်ပိုင်းမှာ ဆည်ရှိသဖြင့် ရွာနှစ်ရွာကိုသာ ဖြတ်သန်းစီးဆင်းခဲ့ရသည်။
ကျွန်မတို့မြစ်တွေ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း စသည့် မြစ်တွေက ဖြတ်သန်းစီးဆင်းကြရသည့် ခရီးလမ်းမှာ မြို့တွေ ရွာတွေ မရေမတွက်နိုင်။ သူတို့ကြောင့် မြို့ရွာတွေ ဖွံ့ဖြိုးခဲ့ကြရသည်။ သောက်ရေ၊ သုံးရေ ပြီးတော့ ကုန်စည်တင်လှေတွေ၊ သင်္ဘောတွေ၊ သတ္တ၀ါတွေ၊ လူတွေ၊ ဘ၀တွေ။
သြော် သည်မြစ်တွေ သဘာဝအတိုင်း ရှင်သန်စီးဆင်းစေချင်သည့် ဆန္ဒက ရင်ထဲမှာ ပြည့်၍လာခဲ့သည်။


ခင်မြဇင်
ချင်းတွင်းမဂ္ဂဇင်း
အမှတ် ( ၁၂ )၊ ဇန်န၀ါရီလ၊ ၂၀၀၇.

Thursday, February 28, 2008

ရဝေနွယ် (အင်းမ) ၏ ဆောင်းပါး

လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို စာကောင်းပေမွန်လေးတွေကို ဘလော့ပေါ်က မိတ်ဆွေများနဲ့ပါ မျှဝေပေးချင်တာမို့ ဆရာတော်လေး ရဝေနွယ် (အင်းမ)ရေးတဲ့ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင် ထိန်းသိမ်းမှု ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
...............................................................................................................
ရဝေနွယ် (အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီသောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေးတွေကိုတော့ ဒီနေ့အထိ သတိတရရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီးတစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရစေတနာပေါ့။
ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ်စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများတင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ်ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။
အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။


မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။
အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။
မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းနေထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေလိုက်နာလေ့ရှိပါတယ်။
တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ်တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။
ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။
ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာတစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲရှိနေတတ်ကြလို့ပါ။
ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။
တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာအဆောက်အဦတွေက နေ့စဉ်ဆောက်နေကြရတာဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦတွေအတွက် အသုံးချနေရတာကိုး။
ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။
အကုသိုလ်တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။
ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီးတစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။
ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ်တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတပြယုဂ်ကြီးတစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညိုလေးစားဖြစ်ကြမှာပါ။
လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။
နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညိုလေးစားတတ်ကြတာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။
အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။
ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့ ဘယ်စီးပွားရေးသမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင်တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရားတွေလည်း ပွားဖြစ်ဦးမှာပါ။
တကယ်လို့သာ အဲဒီတောအုပ်ကြီးဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက်ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင်သွားစိုက်ရင်းနဲ့ အဲဒီတောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လိုသဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘဖြစ်နေတယ်ဆိုရင်လဲ လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘစိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာနုပဿနာခေါ်တဲ့ သတိပဌာန်တရားလေးလည်း ခန္ဓာကိုယ်တစ်နွေးစာလောက် ရှုမှတ်ချင်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရှုမှတ်စဉ်ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။

Tuesday, February 26, 2008

Go Green


၂၄.၂.၂၀၀၈ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ orange supermarket မှာ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုစေမည့် ဈေးဝယ်အိတ်များကို စတင် အသုံးပြုနေပြီ တဲ့။

ဒီလိုသာဆို မျက်စိရှေ့မှာ ကြွပ်ကြွပ်အိတ် အမှိုက်ခွံတွေ မြင်တွေ့နေရတာ လျော့နည်းသွားနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလို ဈေးဝယ်အိတ်မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ပေးဖို့တော့ လိုမယ်ထင်ပါတယ်။

Friday, February 22, 2008

ဂြိုဟ်ပြာကြီးရဲ့ ကျန်းမာရေး

ကျွန်မတို့နေတဲ့ ကမ္ဘာကြီးကို ဂြိုဟ်ပြာကြီး ( blue planet ) လို့ ပြောကြပါတယ်။ မည်းနက်နေတဲ့ စကြ၀ဠာနောက်ခံမှာ အာကာသထဲ မလင်းတလင်း အပြာရောင်အလုံးလေး ချိတ်ဆွဲထားတဲ့ပုံစံနဲ့ ကမ္ဘာကြီးကို ကိုယ်စားပြုလေ့ ရှိကြပါတယ်။ ကျွန်မငယ်ငယ်တည်းက လက်ခံထားတဲ့အသိက ကမ္ဘာဆိုတဲ့ ဂြိုဟ်ပြာကြီး လုံးဝန်းတယ်ဆိုတာကိုပါ။ အခုတော့ `ကမ္ဘာပြားပြီ ´ တဲ့ … ။

တိုးတက်နေတဲ့ ခေတ်ကြီးနဲ့ မျက်ခြေပြတ်နေတဲ့ လူတွေအတွက်တော့ ကမ္ဘာကြီး ပြားသွားပြီလို့ပြောရင် ရီကြမှာပါပဲ။ ဒါပေမယ့် ခေတ်နဲ့အညီ ရင်ဘောင်တန်းလိုက်နိုင်ပြီး ဗဟုသုတ ကြွယ်ဝတဲ့လူတွေကတော့ ဒါဟာ တင်စားချက်တစ်ခုဆိုတာ နားလည်သဘောပေါက်ကြပါတယ်။ ကမ္ဘာပြားပြီဆိုတာ တနည်းအားဖြင့်တော့ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောတာပါ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်သွားပြီပေါ့။ ဒါဆိုရင် ကျွန်မတို့ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံးဟာ ဂြိုဟ်ပြာရွာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားတွေလို့ ပြောရတော့မှာပေါ့။

ဒီလိုသာဆိုရင် ကိုယ်နေတဲ့ရွာကြီး သာယာလှပရေးအတွက် ကျွန်မတို့တွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို လူတိုင်း သတိထားသင့်ပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးကြဖို့ လိုပါတယ်။ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ဖို့ဆိုရင် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားမှ ဖြစ်မှာပါ။ အမှိုက်သရိုက်တွေ ရှုပ်ပွနေတဲ့၊ လေကောင်းလေသန့် မရနိုင်တဲ့၊ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေဆိုးရေညစ်တွေ ပြည့်လျှံကျနေတဲ့ အနေအထားတစ်ခုဟာ သူ့အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အခုဆိုရင် ကျွန်မတို့နေတဲ့ ဂြိုဟ်ပြာကြီးရဲ့ ကျန်းမာရေးအခြေအနေဟာလည်း တစ်နှစ်ထက်တစ်နှစ် ချွတ်ခြုံကျလာတယ်လို့ ဆိုရပါမယ်။ ကမ္ဘာကြီး တဖြည်းဖြည်း ပူနွေးလာတာ၊ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်လဲ အခုလို ဆောင်းအကုန် နွေအကူးအချိန်မှာတောင် အပူဒဏ်ကို သိသာစွာ ခံစားနေရတာတွေဟာ ကမ္ဘာကြီး ကျန်းမာရေး ချွတ်ယွင်းလာပြီဆိုတဲ့ လက္ခဏာတွေ ပြနေတာပါပဲ။ တချို့နိုင်ငံတွေမှာတော့ သဘာဝဘေးဒဏ်တွေကို ဆိုးရွားစွာ ခံစားနေရပါပြီ။ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလဲ တိုးတက်မှုကနေ ရလာတဲ့ ဘေးထွက်အသီးအပွင့်တွေရဲ့ အရသာက ခါးသက်သက် ဖြစ်လာတာကို ခံစားမိကုန်ကြပါပြီ။ လေထုထဲမှာ ပမာဏများပြားစွာ နေရာယူလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ၊ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အဆိပ်သင့်ကုန်တဲ့ မြစ်ရေတွေ … ဒါတွေဟာ တိုးတက်ထွန်းကားခြင်းရဲ့ ခါးသက်တဲ့ အသီးအပွင့်တွေပါပဲ။

ကျွန်မတို့နိုင်ငံမှာဆိုရင် ကြွပ်ကြွပ်အိတ်ခွံတွေ တောထနေတဲ့ အမှိုက်ပုံတွေကို နေရာအတော်များများမှာ မြင်တွေ့နေရပါတယ်။ ပြီးတော့လည်း လူနေအိမ်တွေရဲ့ အနောက်ဖက်တိုင်းလိုလိုမှာ အမှိုက်တွေ လွယ်လွယ်ကူကူ စွန့်ပစ်ကြရာကနေ နေရာယူလာတဲ့ နောက်ဖေးလမ်းကြားတွေလဲ ရှိကြပါတယ်။ ဒါတွေဟာ အမှိုက်ကစလို့ ပြသာဒ်မီးလောင်မယ့် နမိတ်ပုံတွေပါပဲ။

ကျွန်မကတော့ အိမ်ကလူတွေကို အမှိုက်တွေ နောက်ဖေးလမ်းကြားကို အလွယ်တကူ မစွန့်ပစ်ဖို့ အမြဲသတိပေးပါတယ်။ `ဒါဆိုရင် အမှိုက်ကားလဲ လမ်းထဲကိုမလာ၊ အမှိုက်လာသိမ်းမယ့် အမှိုက်ပုံရယ်လို့လဲ မရှိတော့ ငါတို့က ဘယ်မှာ အမှိုက်သွားပစ်ရမှာလဲ´ လို့ အိမ်ကလူတွေက ကျွန်မကို ပြန်မေးပါတယ်။ `တွင်းတူးပြီးမြှုပ်ပေါ့´ လို့ ပြောတော့ `ငါတို့မှာ အမှိုက်ပစ်ဖို့အတွက် ဒီလောက် အလုပ်ရှုပ်မခံနိုင်ဘူး´ တဲ့။

ကျွန်မ တော်တော် စိတ်ဓါတ်ကျသွားပါတယ်။ ကိုယ့်အိမ်ကလူတွေကိုတောင် အောင်အောင်မြင်မြင် မစည်းရုံးနိုင်ဘဲနဲ့ တခြားသူတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဘယ်လိုများ ပညာပေးရပါ့မလဲလို့ တွေးမိတော့ တကယ်ရင်မောမိပါတယ်။ ကျွန်မကတော့ ကမ္ဘာကြီး ကောင်းကျိုးအတွက် ဘာမှ မသယ်ပိုးပေးနိုင်ရင်တောင်မှ ကမ္ဘာကြီး အဆိပ်သင့်စေမယ့် အမှိုက်တစ်စတော့ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားပါတယ်။ တတ်နိုင်သမျှ ကိုယ့်တစ်နိုင်လေးတော့ တာဝန်သိပေးရမှာပေါ့လေ။ တကယ်တော့ ဂြိုဟ်ပြာကြီးဆိုတာ ကျွန်မတို့အားလုံး မှီတင်းနေထိုင်ရတဲ့ ရွာကြီးတစ်ရွာပဲ မဟုတ်လား။

Tuesday, February 19, 2008

အမှိုက်ပုံး ကမ္ဘာကြီး ?

မြန်မာပြည်က ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ထိန်သိမ်းကြဖို့ တိုက်တွန်းထားတဲ့ ပညာပေးလက်ကမ်းစာရွက်လေးပါ။ ကမ္ဘာကြီးဟာ တနေ့တခြား အမှိုက်ပုံးနဲ့တူလာတယ် ဆိုလာတာလေးကို သတိထားပြီး ဆင်ခြင်ဖို့ရာ ပြောထားပါတယ်။




အောက်မှာကတော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြောင့် လှပနေတဲ့ တောရိုင်းပန်းကလေးတွေ ပါ...





















ကျွန်တော်တို့ ပလတ်စတစ် အမှိုက်နဲ့ အခြားဘေးဖြစ်စေတဲ့ အမှိုက်တွေကို မဆင်မခြင် စွန့်ပစ်နေမယ်ဆိုရင် ဒီလိုလှပတဲ့ သဘာဝတရားတွေ များမကြာခင်နှစ်များမှာ ပျောက်ကွယ်တော့မှာပါ။

တယောက်ချင်း လုပ်မှ အောင်မြင်မှာ ဖြစ်လို့ ပတ်ဝန်ကျင်ကို ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းဖို့ ထပ်ဆင့်ပြီး နှိုးဆော်ပါရစေ။

(မှတ်ချက်။ ။ဒီပို့စ်ကို ကျွန်တော့်ဘလော့မှာတင်ဖူးပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်နေလို့ ဒီမှာ ပြန်တင်ပြီးမျှဝေလိုက်ပါတယ်။)

Sunday, February 17, 2008

ပြောင်းလဲလာတဲ့ ကမ္ဘာမြေ

ကောင်းတဲ့ ဗွီဒီယိုလေး တွေ့လို့ မျှဝေပေးလိုက်ပါတယ်။ ..

ရေထုညစ်ညမ်းမှု

ကမ္ဘာကြီး ပူနွေးလာလို့ ကမ္ဘာ့ရေပြင်ထု မြင့်တက်လာမယ်ဆိုရင် သမီးအဲဒါကို နားလည်နိုင်ပါ့မလား။

တို့ကမ္ဘာကြီးမှာ ရေခဲပြင်ဒေသတွေရှိတာ သမီးသိသားပဲ။ အဲဒီရေခဲတောင်ကြီးတွေ ရေခဲပြင်ကြီးတွေဟာ အရည်ပျော်လာမယ်။ ဒီတော့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာပေါ့။ မြို့တွေကို ရေလွှမ်းမိုးမှု ဖြစ်လာမယ်။ မြေပြင်ရော ရေပြင်ရော ညစ်ညမ်းကုန်မယ်။

ရေနံချောင်းမှာ ဧရာဝတီ မြစ်ရေတက်ချိန်ဆိုရင် အန်တီတို့ငယ်ငယ်က မြစ်ရေလျှံတဲ့ ပတ်ဝန်းကျင်ကို သွားသွားကြည့်ကြရတာ အလေ့အထတစ်ခုပဲ။ ရေကြည့်သွားမလို့လို့ အန်တီတို့ ပြောကြတယ်။ အိမ်ထဲမှာ ရေတွေဝင်ပြီး ရေတွင်းတွေရော အိမ်သာတွေရော မြစ်ရေဖုံးလို့ တစ်အိမ်လုံး ရေပြင်ဖြစ်နေရတဲ့ အိမ်တွေကို အန်တီတို့က ခပ်လှမ်းလှမ်း ဘုရားအမြင့်ဆီက လှမ်းကြည့်ပြီး အထူးအဆန်းမြင်ကွင်းမို့ ပျော်ခဲ့ကြတယ်။ စဉ်းစားကြည့်စမ်းပါ။ အဲဒီအိမ်တွေမှာ နေနေတဲ့ အိမ်သားတွေ ဘယ်လောက် စိတ်ပျက် စိတ်ညစ်နေမယ့်အချိန်လဲ။ အဲဒီအချိန်မျိုးမှာ လူကြီးတွေ ကလေးတွေ တရုန်းရုန်းနဲ့ သူတို့အိမ်တွေကို ပွဲကြည့်သလို လာကြည့်ခံရတာ ဘယ်လောက် ဒေါသဖြစ်လိုက်မလဲနော်။ အဲဒီတုန်းကတော့ မြစ်ရေလျှံလို့ အဲဒီဝန်းကျင်မှာ လေထုတွေ ရေထုတွေ ဘယ်လောက် ညစ်ပတ်လာမလဲလို့ အန်တီတို့ ဘယ်တွေးမိမလဲ။ ကာယကံရှင်တွေကတော့ ဒုက္ခတွေကို စိတ်ပျက်ရလောက်အောင်ကို ခံစားခဲ့ကြရမှာပဲနော်။

အဲဒါ ရေနံချောင်းမှာ ဧရာဝတီမြစ်ရေတက်တဲ့ ဒုက္ခပဲရှိသေးတယ်။ ဧရာဝတီမြစ်ရေဟာ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမှာ တစ်ပြိုင်တည်းလျှံတာ။ ဒါ့အပြင် သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်အားလုံး ရေတက်ရေလျှံဖြစ်တာ။ ဒါ့အပြင် ပင်လယ်တွေအကုန် ဒီရေတက်လိုက် ကျလိုက် ဖြစ်နေတာ။ ကမ္ဘာမြေကြီးမသန့်ရင် ရေထုလဲညစ်မယ်။ ရေထုညစ်ရင် လေထုရော ကမ္ဘာမြေရောညစ်မယ်။ အပြန်အလှန်ပေါ့ကွယ်။ လူတွေသန်းနဲ့ချီပြီး သေကုန်ကြမယ့်အဖြစ်ဟာ ပေါ့ပေါ့အန္တရာယ်လေးတော့ မဟုတ်ဘူးပေါ့။

အန်တီတို့ အဓိကသုံးနေတဲ့ ဧရာဝတီမြစ်ကြီးဟာရော ဘယ်လောက် သန့်နေသေးလို့လဲ။

သမီးက မရောက်ဖူးလို့ ဧရာဝတီမြစ်ရဲ့ အစပိုင်းဟာ ဘယ်လောက်သန့်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ သမီးသိမှာက ရေနံချောင်းမှာ မြစ်ရေတက်တဲ့အချိန်ရဲ့ ဧရာဝတီရှုခင်းပဲသိမယ်။ ရေနံချောင်းကနေ ကုန်းဇောင်းကို မော်တော်နဲ့ဖြတ်ရစဉ်က သမီးမြင်ရတဲ့ ဧရာဝတီမြစ်ရေအရောင် ရွှံ့ရောင်ဖြစ်နေတာပဲသိမယ်။

တကယ့် ဧရာဝတီမြစ်ရဲ့ အစဟာလေ ဟိုးအောက်ခြေ ကျောက်စရစ်ခဲတွေကို အပေါ်ကနေ ထွင်းဖောက်မြင်နေရလောက်အောင် သောက်ရေလိုပဲ ကြည်လင်နေတဲ့ ဧရာဝတီ သမီးရဲ့။ ဟိုးအောက်က သဲပြင်ကို မော်တော်ပေါ်က ငုံ့ကြည့်ရင် အတိုင်းသားမြင်နေရတဲ့ ဧရာဝတီ။ အဲဒီဧရာဝတီဟာ မြစ်ဆုံကနေ ဗန်းမော်လောက်အထိ သန့်စင်ကြည်လင်နေတာ။ မြစ်ရေကို ဒီအတိုင်း သောက်လို့ရလောက်တယ်။

အန်တီတို့ဆီ ရောက်လာတဲ့ ဧရာဝတီကတော့ အဲဒီလို မကြည်လင်တော့ဘူးပေါ့။ မြို့အထပ်ထပ် နယ်အထပ်ထပ်ကို ဖြတ်လာပြီး နုန်းမြေတွေ မြေဆီလွှာတွေ ကမ်းပါးမြေပြင်တွေကို တိုက်စားသယ်ဆောင်လာခဲ့တဲ့ ဧရာဝတီဟာ မြို့တိုင်းမြို့တိုင်းရဲ့ အညစ်အကြေးတွေကိုပါ သယ်ခဲ့ရတာလို့ အန်တီပြောရင် သမီးအံ့သြမလား။

လှေတွေ မော်တော်တွေပေါ်က အညစ်အကြေးပေါင်းစုံ၊ ဆိပ်ကမ်းမြို့ပေါင်းက အညစ်အကြေးပေါင်းစုံတွေထဲမှာ လူ့မစင်တွေ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ၊ ခွေးသေကောင်ပုပ်တွေ၊ စက်ရုံအညစ်အကြေး အဆိပ်အတောက်ပစ္စည်းတွေ၊ အများကြီး အများကြီး။ သမီးစဉ်းစားလို့ရသမျှ ရွံစရာ အညစ်အကြေးမှန်သမျှ ဧရာဝတီထဲကို ရောက်တယ်လို့ တွက်လိုက်စမ်း။ ဘယ်လောက် ဆိုးဝါးလိုက်သလဲနော်။

သန့်စင်ကြည်လင်နေတဲ့ ရေကန်တစ်ခုထဲကို အညစ်အကြေး တစ်စက်ကျသွားတာ မသိသာပေမယ့် ညစ်နေတဲ့ ရေပြင်ထဲကို ကျသွားတဲ့ နောက်ထပ်အညစ်အကြေး တစ်စက်ဟာ အဆိပ်အတောက် ဖြစ်လာစေတယ်လေ။

ရေထုညစ်ညမ်းမှုကို အမြဲတိုင်းထွာတွက်ချက်နေတဲ့ ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ကမ်းစပ်မြစ်ရေ၊ ပင်လယ်ရေ၊ သမုဒ္ဒရာရေတွေရဲ့ အညစ်အကြေး အချိုးအဆကို သိနေကြတယ်။ တချို့ကမ်းစပ်တွေဆို ညစ်ညမ်းကုန်ကြပြီကွဲ့။ ရေကို သောက်ရေအဖြစ်သုံးဖို့ မဆိုထားနဲ့ ရေဆင်းချိုးဖို့တောင် အာဏာပိုင်တွေနဲ့ တားမြစ်ယူကြတယ်။ ကျန်းမာရေးထိခိုက်မှာ စိုးလို့ပါ သမီးရယ်။

အန်တီတို့ရဲ့ ဧရာဝတီကမ်းစပ်မှာ ရေရဲ့ အညစ်အကြေး အချိုးအဆကို စနစ်တကျ တိုင်းထွာပြီး သိမထားပေမယ့် အညစ်အကြေး အမှိုက်ပေါင်းများစွာကို သွန်ချခံနေရတာ မျက်မြင်ပဲမို့ ရေဟာ ညစ်နေပြီဆိုတာလောက်တော့ အားလုံးသိပါတယ်။ ဧရာဝတီမြစ်ရေကို သုံးတဲ့အခါ တချို့က ရေကိုကြည်အောင် အနယ်ထိုင်အောင် စစ်ယူကြတယ်။ အပေါ်ယံစစ်ထားတဲ့ ရေခပ်ကြည်ကြည်ထဲမှာ အဆိပ်အတောက် အညစ်အကြေးဓါတ်တွေ နည်းကုန်ပါစေလို့ ဆုတောင်းရမှာပဲပေါ့ သမီးရယ်။

( ဆရာမ `ဂျူး´ ၏ `ကျွန်မချစ်သော ကမ္ဘာမြေ´ စာအုပ်ပါ `ကမ္ဘာကြီးပူနွေးလာခြင်း´ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။ )

Saturday, February 16, 2008

သဘာဝသယံဇာတဆိုသည်မှာ

သဘာဝသယံဇာတ (Natural Resources) ဆိုတာ လူတွေက မကုန်ခန်းနိုင်တဲ့ ၀တ္ထုပစ္စည်တွေ၊ သုံးမကုန်တဲ့ပစ္စည်းတွေ၊ ပဒေသာပင်က ဆွတ်ခူးလို့ရသလို သုံးမကုန်တဲ့ ပစ္စည်းတွေလို့ လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီသဘာဝသယံဇာတဆိုတာ (၃) မျိုးရှိပါတယ်။ အဲဒီ (၃) မျိုးမှာ သုံးလို့မကုန်နိုင်တဲ့ သယံဇာတ၊ သုံးလို့ကုန်သွားနိုင်တဲ့ သယံဇာတ၊ အစားထိုးလို့ရတဲ့ သယံဇာတဆိုပြီး (၃) မျိုး (၃) စား ရှိပါတယ်။

ပထမအမျိုးအစားဖြစ်တဲ့ သုံးလို့ မကုန်ခန်းနိုင်တဲံ သဘာဝသယံဇာတကတော့ နေရောက်ခြည်စွမ်းအင် (Solar Energy) ၊ လေစွမ်းအင် (Wind Energy) ၊ ရေစွမ်းအင် (Hydro Power)၊ ဒီရေစွမ်းအင် (Tidal Power) နဲ့ မြေကြီးထဲကထွက်ရှိလာတဲံ ရေနွေးငွေ့၊ ရေပူစမ်းအစရှိတဲ့ စွမ်းအင် (Geothermal Energy) တို့ဖြစ်ကြပါတယ်။ ဒီစွမ်းအင်ကတော့ နည်းပညာနားလည်ပြီး စနစ်တကျသုံးတတ်ရင် သုံးမကုန်တဲ့ သဘာဝသယံဇာတတွေလို့ ပြောလို့ရပါတယ်။


နေရောင်ခြည်စွမ်းအင်ကို Photovoltaic cells တွေမှာ store လုပ်ထားပြီး လျှပ်စစ်စွမ်းအားအဖြစ် ထုတ်လုပ်သုံးစွဲနိုင်ပါတယ်။ ကမ္ဘာတည်သရွေ့ သုံးမကုန်တဲ့ နေရာင်ခြည်စွမ်းအင်ပါပဲ။

လေစွမ်းအင်ကိုတော့ လေရဟတ်တွေ၊ ဒလက်တွေသုံးပြီး လျှပ်စစ်ထုတ်နိုင်တဲ့ တာဘိုင် (wind turbine or generator) ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ လှေတွေရွက်တိုက်မောင်းတာလဲ လေစွမ်းအင်ကို အသုံးပြုတာပါပဲ။

ရေအားလျှပ်စစ်ဆိုတာလည်း လောပီတတို့၊ ကင်းတာဆည်တို့ကနေ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ တာဘိုင် (turbine) တွေကို လည်စေပြိး လျှပ်စစ်ဓာတ်အားထုတ်ပေးနေတာကို မြန်မာတိုင်းသိနေကြမှာပါ။

ဒီရေစွမ်းအင်ဆိုတာလည်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ဒီရေအတက်အကျရှိလို့ ဒီရေတက်တဲ့အခါ ရေလှောင်ပြီး လျှပ်စစ်တာဘိုင်ကို ရေအားနဲ့လည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်သုံးတာပါပဲ။

မြေကြီးထဲကထွက်လာတဲ့ ရေနွေးငွေ့၊ ရေပူစမ်းတွေ (Geothermal Energy in the form of steam) ဟာလဲ မကုန်ခန်းနိုင်တဲ့ စွမ်းအင်တစ်မျိုးပါပဲ။ မီးတောင်တွေနဲ့ နီးတဲ့ဒေသတွေမှာ မြေကြီးထဲကနေ ရေနွေးငွေ့ (steam) ဆိုတာထွက်နေလို့ လျှပ်စစ်တာဘိုင်တွေကိုလည်ပတ်စေပြီး၊ လျှပ်စစ်စွမ်းအင်ထုတ်လို့ရပါတယ်။ ရေပူစမ်းဆိုတာ မြန်မာနိုင်ငံဒေသတော်တော်များများမှာ တွေ့ရှိပါတယ်။ အဲဒီရေပူစမ်းကနေ ရေအားလျှပ်စစ်ထုတ်တယ်လို့ မကြားရသေးပေမယ့် ၄င်းရေပူစမ်းထဲမှာ အနာရောဂါပျောက်စေတဲ့ ဆေးဖက်ဝင် ဓာတ်သတ္ထုတွေပါလို့ ရေပူစမ်းမှာ ရေချိုးရင် ရောဂါပျောက်တယ်၊ အညောင်းအညာပြေတယ်လို့ ယုံကြည်ကြပါတယ်။ ဂျပန်နိုင်ငံမှာဆို ရေပူစမ်းရှိတဲ့နေရာတိုင်းမှာ ရေချိုးခြင်း၊ ရေစမ်းခြင်းဖြင့် တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေတာကို ကုစားနိုင်တဲ့၊ အညောင်းအညာပြေတဲ့လုပ်ရပ်ဆိုပြီး ကလေး၊ လူကြီး အပန်းဖြေ အနားယူတတ်ကြပါတယ်။

ဒုတိယအမျိုးအစားဖြစ်တဲ့ သုံးလို့ကုန်သွားနိုင်တဲ့၊ ကုန်ခန်းသွားနိုင်တဲ့ (Non Renewable Resource) သယံဇာတဆိုတာကတော့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရွှေ၊ စိန်၊ ကျောက်စတဲ့ တွင်းထွက်ပစ္စည်းတွေပါပဲ။ အဲဒီလိုကုန်ခန်းနိုင်တဲ့ သဘာဝသယံဇာတတွေကို အထူးသတိပြုပြီး စနစ်တကျသုံးစွဲတတ်ပါမှ နိုင်ငံနဲ့ ပြည်သူလူထုအတွက် တာရှည်အကျိုးခံစားရပါမယ်။ တစ်ချိန်က အာရှတိုက် အရှေ့အလယ်ပိုင်းဒေသ (Middle East) နိုင်ငံတွေဟာ သံကန္တာရတွေထဲမှာ သိုး၊ ဆိတ်၊ ကုလားအုတ်တွေမွေး စားကျက်အလိုက် ရွေ့ပြောင်းနေထိုင်ကြရပြီး အလွန်ဆင်းရဲမွဲတေခဲ့ကြပါတယ်။

အခုဆို သူတို့ မြေကြီးအောက်မှာ ရေနံတွေထွက်တော့ ချမ်းသာလာကြတယ်။ သူတို့နိုင်ငံမှာ အုပ်ချုပ်တဲ့ အာရပ်စော်ဘွားတွေကလည်း သူတို့တိုင်းရင်သားတွေ အဓွန့်ရှည်စွာ ချမ်းချမ်းသာသာနေနိုင်အောင် ရေနံတေါကို ထိန်းထိန်းသိမ်းသိမ်းနဲထုတ်၊ ရေနံကရတဲ့ငွေတွေနဲ့ လမ်းတံတားတွေ၊ တိုက်တာအိမ်တွေဆောက်၊ နိုင်ငံခြားခရီသွားလုပ်ငန်းတွေဖန်တီး၊ ခေတ်မီနည်းပညာသင်ပေးပြီးတော့ ရင်းနှီးတော့ သူတို့ပြည်သူတွေရဲ့ နောင်ရေးလည်း စိတ်ချရတာပေါ့။ အလွန်မှ အမြော်အမြင်ရှိကြပါတယ်။

တတိယအမျိုးအစားဖြစ်တဲ့ အစားထိုးလို့ရတဲ့သယံဇာတ (Renewable Resource) ဆိုတာကတော့ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ဒါတွေကတော့ သစ်တောသစ်ပင်၊ ကောက်ပဲသီးနှံတွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ ကျွဲ၊ နွား၊ ၀က်၊ ဆိတ်၊ သိုးတွေ၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ခရု၊ ကမာ၊ ရေညှိ၊ ရေမှော်၊ လိပ်၊ လင်းပိုင်၊ မိကျောင်း၊ ရေ၀က်တဲ့ အစားထိုးလို့ရတဲ့ သယံဇာတတွေပါပဲ။ အစားထိုးလို့ရတာပဲဆိုပြီး အရမ်းကာရော ထုတ်လုပ်သုံးစွဲရောင်းချရင်လဲ အရေအတွက်ရော အရည်အသွေးပါ လျှော့ပါးလာပြီး တချို့သော အပင်မျိုး၊ အကောင်မျိုးတွေဆိုရင် မျိုးတုံးကုန်ကြတယ်။ ဥပမာ - ကမ္ဘာမြေပေါ်မှာ ကျားမျိုးစိတ်ပေါင်း (၈) မျိုးရှိရာကနေ အခုဆိုရင် (၅)မျိုးပဲကျန်တော့တယ်။ ကျန် (၅) မျိုးဟာလည်း မျိုးတုံးတော့မယ့်အန္တရာယ်တွေ ရှိနေပါတယ်။ ဆရာတို့ငယ်ငယ်က (၁၉၅၇-၅၈)လောက်က မြန်မာပြည်မှာ ကျားအကောင်ရေ (၃၀၀၀) ထက်မနည်းရှိရာကနေ အခုဆို အကောင်ရေ (၁၀၀)လောက်ပဲ ကျန်တော့တယ်၊ ကြံ့မျိုးတွေလည်း တုံးသလောက်ရှိသွားပြီး တောဆင်ရိုင်းတွေတောင် အခုဆို အကောင် ၄၀၀၀-၅၀၀၀ ပဲရှိတော့တယ်။ သစ်တောတွေလည်း စနစ်တကျထုတ်ရင် အထွက်နှုန်းတွေကျ၊ ပမာဏ (Yield Capacity) ထက်ပိုထုတ်ရင် အထွက်နှုန်းတွေကျ။ တချို့အဖိုးတန်သစ်မျိုးဖြစ်တဲ့ သစ်မွှေးတို့ အကျော်တို့ဆိုရင် သဘာဝတောတွေထဲမှာ မရှိသလောက်ရှားသွားကြပါပြီ။

ငါး၊ ပုဇွန်၊ ဂဏန်း၊ လိပ်၊ မိကျောင်း၊ ရေ၀က်၊ လင်းပိုင်၊ ဝေလငါး၊ ငါးမန်း စတဲ့ ရေထွက်ပစ္စည်းတွေဟာလည်း ထွက်ရှိနိုင်မှု အင်အားကိုတွက်ပြီး ထုတ်ယူသုံးစွဲတတ်ပါမှ ကြရှည်သုံးစွဲနိုင်မှာပါ။ ဒီရေထွက် သတ္တ၀ါတွေဟာလဲ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ဒီရေတော၊ ပင်လယ်မြက်ခင်း၊ သန္တာကျောက်တန်းစတဲ့ ဂေဟစနစ်တွေနဲ့ ဆက်သွယ်မှီခိုနေရတော့ ဂေဟစနစ်တစ်ခုပျက်စီးသွားရင် ဆက်နွယ်နေတဲ့ ရေသတ္တ၀ါတွေ၊ ပင်လယ်မြက်ခင်းတွေ၊ သန္တာကျောက်တန်းတွေလည်း ပျက်စီးပြုန်းးတီးနိုင်ပါတယ်။ ဒီရေတောတွေက ကြွေကျတဲ သစ်ရွက်၊ သစ်သီးတွေဟာ ငါး၊ ပုဇွန်၊ ဂဏန်းတွေရဲ့ အဟာရ၊ ၄င်းတို့မှီခိုရာ၊ မိတ်လိုက်ရာ၊ ပေါက်ပွားရာဒေသဖြစ်လို့ ဒီရေတောတွေပျက်ပြုန်းသွားရင် ရေထွက်ပစ္စည်းတွေ လျော့ပါးလာ၊ ရှားပါးလာတတ်ပါတယ်။ ဒီရေတောတွေဟာ ရေသတ္တ၀ါတို့ရဲ့ မှီခိုရာ၊ ပေါက်ပွားကြီးထွားရာ ဒေသဖြစ်ရုံမကပါဘူး၊ ဒီကမ်းရိုးတန်းဒေသတော့တွေဟာ ပင်လယ်လှိုင်း၊ လေမုန်းတိုင်း၊ ဆူနာမိစတဲ့ သဘာဝအန္တရာယ်တွေကိုလည်း အကာကွယ်ပေးခြင်း၊ မြစ်ချောင်း ပင်လယ်ဒေသတွေအား ကမ်းပြိုတိုက်စားခြင်းမဖြစ်စေရန် ထိန်းသိမ်းပေးခြင်း၊ လေထုထဲရေထုမှ CO2 နဲ့ အဆိပ်အတောက် အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင်လုပ်ပေးခြင်း၊ မြစ်များကနုံးဖို့တဲ့ မြေတွေကိုလည်း စုစည်းထိန်းပေးခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတော့ အစားထိုးလို့ရတဲ့ သယံဇာတတွေကိုလည်း အမြော်အမြင်ရှိစွာနဲ့ အဓွန့်ရှည်စွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ကြောင်း ရေးသားလိုက်ရပါတယ်။

ဦးအုန်း၊ ညွှန်ကြားရေးမှူး (ငြိမ်း)
သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ။

(အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၇ မှ ကူးယူဖော်ပြပါသည်။)

ပထမဆုံးခြေလှမ်း

ကျွန်မက အစိမ်းရောင်ကို မကြိုက်ပေမယ့် မြတ်နိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိမ်းရောင်ဆိုတာ စိမ်းလန်းစိုပြည်ခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆလို့ပါ။ မိုးရာသီမှာဆိုရင် သစ်ပင်လေးတွေ မိုးရေနဲ့ စိမ်းစိုနေတာကို မြင်ရရင် အရမ်းစိတ်ချမ်းသာပါတယ်။ ဒီလို စိတ်ချမ်းသာမှုမျိုးကို လူသားတိုင်း ခံစားခွင့် ရနိုင်ဖို့ဆိုရင် ကမ္ဘာကြီးတစ်ခုလုံး စိမ်းလန်းစိုပြည်နေမှ ဖြစ်မှာပါ။ ကမ္ဘာကြီး စိမ်းလန်းဖို့က ရာသီဥတု မျှတကောင်းမွန်ဖို့ လိုတယ်မဟုတ်လား။

အခုလတ်တလော ရာသီဥတု ဖောက်ပြန်တဲ့သတင်းတွေကို နိုင်ငံတကာမှာ ကြားနေရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ အခုဆို နွေရာသီ မရောက်သေးတာတောင် နေ့လည်နေ့ခင်းဆို အပူဒဏ်ကို တော်တော် ခံနေရပါပြီ။ `ဥတုရာသီ တောကိုမှီ၏´ ဆိုသလို သစ်တောတွေ ပြုန်းတီးလာတော့ ရာသီဥတုလဲ ဖောက်ပြန်လာတာ မဆန်းပါဘူး။ သစ်ပင်သစ်တောတွေ စိမ်းလန်းနေဖို့ဆိုတာ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ၀ိုင်းဝန်းထိန်းသိမ်းပေးကြမှ ဖြစ်မှာပါ။ ညစ်ညမ်းနေတဲ့ ရေမြေအနေအထားတစ်ခုမှာ အပင်တစ်ပင် ရှင်သန်ကြီးထွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစိမ်းရောင်တွေ ဖုံးလွှမ်းနေတဲ့၊ ရာသီဥတု မျှတကောင်းမွန်တဲ့ ကမ္ဘာမြေကြီးကို ဖန်တီးဖို့အတွက် ကျွန်မတို့ လုပ်ရမှာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါပဲ။ လူတစ်ဦးတစ်ယောက်ချင်းစီက ကိုယ်နေထိုင်ရာ နေရာဒေသတစ်ခုရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မတို့အားလုံး ကမ္ဘာကြီး စိမ်းလန်းစိုပြည်ရေးအတွက် ပထမဆုံးခြေတစ်လှမ်းကို အောင်မြင်စွာ လှမ်းနိုင်ပြီလို့ ဆိုရတော့မှာပေါ့ … ။

Wednesday, February 13, 2008

လူတိုင်းရဲ့ တာဝန်

ကျွန်မ ဆယ်တန်း အောင်ပြီးခါစက အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ ဆရာမက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့ ပိုစတာ ပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီအချိန်က Green Peace လောက်ပဲ နာမည်ကြီး အသင်း အဖွဲ့အဖြစ် ကြားဖူးကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို့ ပြောလိုက်ရင် မီးခိုးတလူလူနဲ့ စက်ရုံခေါင်းတိုင်ကြီးတွေ၊ သစ်ပင်သစ်တောတွေကို မခုတ်ရ၊ ရှားပါးတဲ့ တိရိစ္ဆာန်တွေကို မသတ်ရတို့ စတဲ့ ခေါင်းစဉ်ကြီးတွေကို ပြေးမြင်နေကြတဲ့ အချိန်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူတွေက စီးပွားရေး ကျပ်တည်း ကြတာမို့ ကျုပ်တို့ဖြင့် ထမင်းစားဖို့တောင် အနိုင်နိုင်၊ ကမ္ဘာနဲ့ ချီတဲ့ ပြဿနာတွေ ဂရုမစိုက် အားသေးဘူးတော်ရေ၊ ဗိုက်ပြည့်ဖို့ ပြေးလွှားနေရတယ်လို့ ပြောကြတာမျိုးလည်း ကြားခဲ့ကြရပါတယ်။ အခုနောက်ပိုင်းမှသာ Global Warmingတို့ Climate Changeတို့ ဆိုတာတွေကို တွင်တွင် ကြားလာ ကြရတာပါ။

စကားလုံးတွေကို သာကြားရ ဖတ်ရရုံသာမကပဲ သိသိသာသာ ပြောင်းလဲလာတဲ့ ရာသီဥတု တွေကိုလည်း ကိုယ်တိုင် ခံစားလာကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဆောင်းရာသီများဟာ အရင်ကနဲ့ မတူ မအေးတော့တာကို သိသိသာသာ ခံစားကြဖူးမှာပါ။ ဒါတင်မက ပတ်ဝန်းကျင်မှာ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်ခြင်းရဲ့ ဆိုးကျိုးအဖြစ် မြို့ကြီးတွေမှာ ရေလျှံ ရေကြီးတာတွေကိုလည်း မကြားစဖူး ကြားလာ ကြရပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မီးခိုးခေါင်းတိုင်ကြီးတွေ တလူလူနဲ့ အငွေ့ဆိုးတွေလွှတ်ထုတ်နေတဲ့ စက်မှုနိုင်ငံတွေ၊ သစ်ပင် တွေ ပြုန်းတီးအောင် ခုတ်ရောင်းနေတဲ့ အစိုးရတွေကို ချည်း အပြစ်တင်နေလို့ မဖြစ်တော့ပါဘူး။ သူတို့တွေမှာ တာဝန်တွေရှိကြတာ မှန်သလို လူတိုင်း လူတိုင်း ကလည်း တစ်ဦးတစ်ယောက်ချင်း မိမိတို့ တတ်စွမ်းသမျှ တာဝန်ကိုယ်စီယူကြရမယ့် အချိန်ရောက်နေပါပြီ။ တတ်စွမ်းသမျှလို့ ဆိုတဲ့နေရာမှာ အမှိုက်တွေ စည်းကမ်းတကျ စွန့်ပစ်တာမျိုးကစလို့ စက္ကူတွေ မဖြုန်းတီးတာ၊ တတ်နိုင်သမျှ ပြန်လည်သုံးစွဲတာတွေ၊ ရေ မီး စတဲ့ သဘာဝအရင်းအမြစ်တွေ ချွေတာတာတွေ အမျိုးစုံအောင် ပါ ပါတယ်။ တကူးတက လုပ်ဆောင်ရတာမျိုးမဟုတ်ပဲ မိမိတို့ လက်လှမ်းမီရာလေးတွေကို တစ်ယောက်ချင်း လိုက်နာ ဆောင်ရွက်သွားကြမယ်ဆိုရင် ရလာဒ်က မသေးပါဘူး။ လူတစ်ယောက်ချင်းသာ ဈေးဝယ်တိုင်း ကျွတ်ကျွတ်အိပ် မသုံးပဲ ကိုယ်ပိုင်အိတ်နဲ့ ခြင်းနဲ့သာ သွားကြမယ်ဆိုရင် ကျွတ်ကျွတ်အိပ်တွေ ဘယ်လောက်လျော့ သွားလိုက်လေမလဲ။ အိမ်တိုင်းမှာ မီးသုံးစွဲမှုတွေကို လျှော့ကြမယ်ဆိုရင်လည်း လောင်စာ သုံးစွဲမှုတွေလည်း ဘယ်လောက်တောင် လျော့သွားလိုက်လေမလဲ။ တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်က ရမယ့် အကျိုးဆက်တွေကို ကြည့်ပြီး လူတိုင်းကသာ အရာရာကို အသိစိတ်ထားလို့ လုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုရင် ကမ္ဘာမြေအတွက် ကောင်းကျိုးတွေ အများကြီးရနိုင်မယ် လို့ ယုံကြည်ပါတယ်။

Monday, February 11, 2008

မျက်ရည်များတောင်လည်ရှာတယ်

ဒီဇာတ်လမ်းဆောင်းပါးလေးကို အောင်ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်းမှာတွေ့ကို ဝေမျှလိုက်ပါတယ်။ ပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် စိမ်းလန်းကမ္ဘာ လို့ခေါ်တဲ့အဖွဲ့လေးကနေပြီး ကြိုးစားထုတ်နေတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ အဓိကလိုအပ်နေတဲ့ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးရင်း ကမ္ဘာကြီးအတွက် အစိမ်းရောင် အိပ်မက်များမက်နိုင်ဖို့ရာအတွက်ပါ…
-------------------------------------------------------------

ကျွန်တော်သည် နိုင်ငံခြားသင်္ဘောလိုက်ရာမှ မြန်မာပြည်ကို ပြန်ရောက်လာပြီဆိုလျှင် မွေးရပ်ဇာတိရှိရာ ရခိုပြည်နယ်ကိုတစ်ခေါက် အရောက်ပြန်လေ့ ရှိသည်။ ဒီတစ်ခေါက် နိုင်ငံခြားက ပြန်ရောက်တော့လည်း ရွာကိုပြန်သွားပါသည်။

ရွာကိုပြန်သည့်ရည်ရွယ်ချက်က ရွာမှာကျန်နေသေးသည့် အဒေါ်ကို သွားရောက်ကြည့်ရှုလိုသည်။ အသက်ရှင်လျက်ရှိနေကြသေးသည့် ဘုန်းကြီးကျောင်းနေဖက် သူငယ်ချင်းတွေကို တွေ့ချင်သည်။ ရွာသုဿာန်မှာ ဂူသွင်းမြုပ်နှံထားသည့် အဘိုးနှင့်အဘွား၏ အုတ်ဂူကို ကန်တော့ချင်သည်။ ဒီန္ဒတွေဖြင့် ရွာကိုပြန်ရောက်သွားသည်။

ကျွန်တော်ရွာကို ရောက်လာသည်ဆိုသည့် သတင်းကို ကြားကြသည့် ဘုန်းကြီးကျောင်းနေဖက် သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြသည်။ ထမင်းခေါ်ကျွေးကြသည်။

ဟို… လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ဘုန်းကြီးကျောင်းမှာ အတူတူနေခဲ့ကြသော သူငယ်ချင်းတစ်ချို့ ချမ်းသာနေကြတာတွေ့ရလို့ မုဒိတာမွားမိပါသည်။ ၀ါးထရံကာ၊ ဓနိမိုးအိမ်ဖြင့်နေခဲ့ကြရမှ တိုက်အိမ်ဖြင့် နေနိုင်သည့်အဆင့် ရောက်နေကြသည်။

အိမ်ခေါင်မိုးပေါ်မှာ ရှစ်ပေအကျယ်ဂြိုလ်တုစလောင်း တပ်ဆင်ထားသည်။ အပေါ်စက်၊ အောက်စက်သုံးနိုင်ကြသည်။ ကုန်တင်ကားကြီးနှင့် မော်တော်ဆိုင်ကယ်ပိုင်နေကြသည်။ မီးစက်နှိုးပြီး ညဘက်မှာ ဧည့်သည်ကကို ထမင်းကျွေးနိုင်သည်။ အတော်အဆင့်မြင့်နေကြသည်။

`သူငယ်ချင်းတို အခုလိုချောင်လည်ချမ်းသာနေကြတာမြင်လို့ ၀မ်းသာတယ်ကွာ၊ ဘယ်လိုစီးပွားရေးလုပ်လို့အခုလို ချမ်းသာကြတာလဲ ပြောကြပါဦး´

`တို့အရပ်ဒေသမှာ ရေလုပ်ငန်းပဲရှိတာပဲ။ ငါးဖမ်းတာပေါ့ကွာ´

`ဟေ့… တယ်ဟန်ကျပါလား၊ ဘယ်လို ငါးမျိုးတွေကိုဖမ်းတာလဲ´

`ပင်လယ်ထဲမှာ တွေ့သမျှငါးပုဇွန် ကုန်ဖမ်းတယ်´

`ဟဲ့ ဘယ်လိုကိရိယာနဲ့ ဖမ်းလို့ တွေ့သမျှဖမ်းလို့ရတာလဲကွဲ့´

`ဟာ… ဟေ့ကောင်ရာ၊ ငါတို့ဆီမှာ ဂျမ်းပိုက်ဆိုတာရှိတယ်၊ အကွက်စိပ်စိပ်ကလေးနဲ့ အလွန်ခိုင်တဲ့ ပိုက်ပေါ့၊ အဲဒီ ပိုက်နဲ့ချပြီး ဖမ်းလိုက်လျှင် သာမန်ငါး ပုဇွန်တွေသာမက၊ ဝေလငါးကစပြီး မိကျောင်း၊ ဖွတ်၊ ပုတတ်၊ လိပ်၊ ပုဇွန်နဲ့ ခရု၊ ကဏန်းပါမကျန် အကုန်ပါလာတာပဲ´

`အဲဒီ ရေသတ္တတွေ ဘာလုပ်ပစ်သလဲ´

`ဟာ… ဒီမှာ အ၀ယ်ဒိုင်ဖွင့်ထားတာရှိတယ်၊ ပင်လယ်ထဲက ဖမ်းလို့ရတာမှန်သမျှကို အကုန်ဝယ်တယ်၊ သူ့ဈေးနဲ့သူပေါ့၊ အအေးခန်း ကွန်တိန်နာကားကြီးနဲ့ သယ်ယူသွားပြီး မူဆယ်ကို ပို့တယ်ဆိုလား မသိပါဘူး၊ သူ့ဟာသူဘယ်ပို့ပို့၊ ငါတို့ အလုပ်မဟုတ်ပါဘူး။ ငါတို့ဖမ်းလို့ရသမျှဝယ်ဖို့ပဲ အရေးကြီးတယ်´

မြန်မာ့ပင်လယ်ပြင်က ရေးသတ္တ၀ါတွေကို အကုန်ဖမ်းပြီး ရောင်းစားလို့ချမ်းသာနေကြသည့် သူငယ်ချင်းတွေကိုကြည့်ပြီး သတိရလာသည်။

လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားကြသည့်နိုင်ငံတွေကို သတိရလာသည်။ ဂျပန်သည် သူ့နိုင်ငံပိုင်ရေပြင်က ငါးတွေကို ပြည်တွင်းစားသုံးမှုအတွက်သာ တစ်နိုင်တစ်ပိုင်ဖမ်းဆီးခွင့်ပြုသည်။ ပြည်ပကို ရောင်းချရန် သူ့နိုင်ငံက ရေသတ္တ၀ါတွေကို လုံးဝဖမ်းဆီးခွင့်မပြု၊ ဂျပန်တစ်နိုင်ငံလုံး လုံလောက်အောင်စားဖို့ ငါးတွေကို အမေရိကန်၊ နော်ဝေ၊ နယူးဇီလန် နိုင်ငံထံမှ ၀ယ်ယူသည်။

အဲလိုဝယ်ယူနိုင်အောင် ပိုက်ဆံဘယ်ကရသနည်းလို့ မေးစရာရှိပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုမျိုးစုံက နိုင်ငံခြားဝင်ငွေရပါသည်။ သူများနိုင်ငံက ၀ယ်ယူသည့်ငါးကို စည်သွတ်ဘူးလုပ်ပြီး ပြည်ပကိုပို့သည်။

ဂျပန်သည် သူ့နိုင်ငံပိုင် သစ်ဝါးကို ခုတ်လှဲပြီး ပြည်ပကိုပို့ဖို့ဆိုတာ အသာထားလို့ သစ်ကိုပြည်တွင်းမှာပင် ခုတ်လှဲခွင့်မပြု၊ ၀ါးကိုသာ အနည်းအကျဉ်း ခုတ်ခွင့်ပြုသည်။ သူများနိုင်ငံက ၀ယ်ယူသည့်သစ်မျိုးစုံကို ပရိဘောဂမျိုးစုံလုပ်ပြိး ပြည်ပကိုတင်ပို့ ရောင်းချသည်။

ရေနံစိမ်းတွေကို ၀ယ်ယူတင်သွင်းပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်တွေဖြစ်အောင်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေရအောင်ရှာသည်။

အမေရိကန်သည် သူ့နိုင်ငံမှာ တောထအောင်ပေါက်လို့ သတ်မနိုင်သည့် ထင်ရှုးပင်တွေကိုသာ ခုတ်ရောင်းသည်။ ဒါတောင်မှ စနစ်တကျအကွက်ချပြီး ခုတ်လှဲသည်။ တစ်နေရာမှာ ခုတ်လှဲနေစဉ် တစ်နေရာမှာ ပြန်စိုက်နေသည်။

အလာစကာပြည်နယ်ထဲက ရဲစခန်းလည်းမရှိ၊ အုပ်ချုပ်ရေးရုံးလည်းမရှိသည့် ဒက်ခ်ျဟာဘာဆိုသည့်တောရွာလေးတစ်ရွာမှာ ကဏန်းဖမ်းနေသည့် လူငယ်တစ်ယောက်ကို တွေ့ဖူးသည်။ လူငယ်သည် သူဖမ်းလို့မိသည့် ကဏန်းကိုပေတံဖြင့်တိုင်းသည်။ ခြောက်လက်မပြည့်သည့် ကဏန်းကိုသာယူသည်။ မပြည့်သည့်ကဏန်းကို ရေထဲပြန်လွှတ်ပေးလိုက်သည်။ ခြောက်လက်မပြည့်မှသာ ဖမ်းယူရမည်ဆိုသည့် ဥပဒေကို လိုက်နာစိတ်က မွေးရာပါဖြစ်ပြီး ခေါက်ရိုးကျိုးနေခြင်းဖြစ်သည်။

ကျွန်တော်တို့ သင်္ဘောသည် အလာစကာပြည်နယ်ကဖမ်းလို့ရသည့်ငါးတွေကို သယ်ယူပြီး ဂျပန်နိုင်ငံကို အခေါက်ပေါင်းများစွာ ပိုပေးခဲ့ရသည်။ တစ်နေ့မှာ ဒေသကိုယ်စားလှယ်က ပြောသည်။

`ခင်ဗျားတို့ နောက်တစ်ခေါက် လာစာမလိုတော့ဘူး၊ အလာစကာပြည်နယ် ရေပြင်မှာ ငါးဖမ်းရာသီကုန်သွားပြီ၊ ခြောက်လတိတိ ငါးမဖမ်းရတော့ဘူး´

`ဖမ်းလျင်ဘာလုပ်မလဲခင်ဗျာ´

`ကြီးလေးတဲ့ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်ချခံရမယ်´

ကျွန်တော့်သူငယ်ချင်းတွေသည် ပညာမတတ်သည့် တောသူတောင်သားတွေဖြစ်သည်။ သူတို့သည် ဒီရွာမှာမွေး၊ ဒီရွာမှာနေ၊ ဒီရွာမှာသေကြမည့် သူတွေဖြစ်သည်။ ဘယ်နိုင်ငံကိုမှ မရောက်ဖူး၊ ဘာမှမသိလို့ တိုင်ပြည်ရဲ့ သယံဇာတပြုန်းတီးမှုဆိုတာတွေကိုမသိလို့ ဘာမှမခံစားရဘဲ ပျော်နေကြသည်။ ကျွန်တော်သာ ဒီရွာမှာမွေး၊ ရန်ကုန်မှာကြီး၊ နိုင်ငံပေါင်း (၆၅) နိုင်ငံကို ရောက်ဖူးလို့ ဗဟုသုတတွေရ်ပြီး (စိတ်)ခံစားနေရပါသည်။

အဏ္ဏ၀ါစိုးမိုး


Sunday, February 10, 2008

ရွေးချယ်စရာလမ်း

စိတ်ဝင်စားစရာကောင်းတဲ့ ဒီဗီဒီယိုလေးကို Youtube မှာ တွေ့လို့ မျှဝေလိုက်ပါတယ်။ မိတ်ဆွေတို့လည်း သဘောတူ ထောက်ခံတယ်ဆိုရင် ဆက်ပြီး မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Friday, February 8, 2008

အစိမ်းရောင်

မြန်မာစကားမှာ အစိမ်းရောင်ကို အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကြပါတယ်။ စိမ်းကားတယ်တို့ စိမ်းရန်ကော တို့လို မကောင်း တဲ့ဘက်က စိမ်းတာတွေ ရှိသလို စိမ်းစိုခြင်း စိမ်းလန်းခြင်းဆိုတဲ့ ကောင်းတဲ့ စိမ်းတာတွေလည်း ရှိပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အစိမ်းရောင်ကတော့ ကျွန်မတို့နေတဲ့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာကြီး တစ်ခုလုံး စိမ်းလန်း စိုပြည် လှပနေစေဖို့ ပါပဲ။ ဒီလို စိမ်းလန်းစိုပြေနေတဲ့ ပတ် ၀န်းကျင်ကို ထိန်းသိမ်းထား နိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ယနေ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တွေဟာ တစ်ဦးတစ်ယောက်တည်း အသင်းအဖွဲ့ တစ်ခုတည်းက ဖြေရှင်းပေးလို့ မရနိုင်ပေမယ့် အားလုံး လက်တွဲ ဖြေရှင်းသွားမှ ရမယ့် ပြဿနာတွေပါ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို သူ့နိုင်ငံကြောင့် ကိုယ့်နိုင်ငံကြောင့်ရယ်လို့ နိုင်ငံ နယ်နိမိတ်တွေ ခွဲခြား လက်ညိုးထိုးနေကြမယ့် အစား ကမ္ဘာ့ နိုင်ငံသားတွေအဖြစ် အမြင်ကျယ်ကျယ် ထားပြီး စဉ်းစားရမယ့် အချိန်ရောက်နေပါပြီ။ တကယ်တော့ ကျွန်မတို့အားလုံး ဒီကမ္ဘာမြေပေါ်မှာ အတူတူ နေထိုင်ကြတာပဲ မဟုတ်လား။ ဒီတော့ ရည်ရွယ်ချက် ကြီးကြီး လုပ်နိုင်တဲ့ သူတွေ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းကြီးကြီးတွေ လုပ်ကြ၊ တစ်ဦးတစ်ယောက်ချင်းကလည်း တတ်နိုင် တာလေးတွေ တာဝန်သိသိ ၀ိုင်းဝန်း လုပ်ဆောင်ကြရင်း ကမ္ဘာကြီးကို အမှန်တကယ် ချစ်တာ ပြကြရ အောင်လား။ ကောင်းသော စိမ်းလန်းခြင်းတွေ မြန်မာ့မြေမှာသာမက ကမ္ဘာနဲ့တ၀န်းမှာ ပျံ့နှံ့ စေပါစို့လား။

Thursday, February 7, 2008

မိတ်ဆက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးမှာ တစ်တပ်တစ်အား ပါဝင်ချင်လို့ ဒီဘလော့ဂ်လေးကို ဖန်တီးတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ပါတ်သက်သော အကြောင်းအရာများ၊ ပြဿနာများ၊ ဖြေရှင်းရန် နည်းလမ်း များအပြင် မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်း၊ ဆောင်းပါးတို့ကို တတ်အားသ၍ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။