Wednesday, February 13, 2008

လူတိုင်းရဲ့ တာဝန်

ကျွန်မ ဆယ်တန်း အောင်ပြီးခါစက အင်္ဂလိပ်စာ သင်တန်းတစ်ခုမှာ ဆရာမက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သက်တဲ့ ပိုစတာ ပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီအချိန်က Green Peace လောက်ပဲ နာမည်ကြီး အသင်း အဖွဲ့အဖြစ် ကြားဖူးကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို့ ပြောလိုက်ရင် မီးခိုးတလူလူနဲ့ စက်ရုံခေါင်းတိုင်ကြီးတွေ၊ သစ်ပင်သစ်တောတွေကို မခုတ်ရ၊ ရှားပါးတဲ့ တိရိစ္ဆာန်တွေကို မသတ်ရတို့ စတဲ့ ခေါင်းစဉ်ကြီးတွေကို ပြေးမြင်နေကြတဲ့ အချိန်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူတွေက စီးပွားရေး ကျပ်တည်း ကြတာမို့ ကျုပ်တို့ဖြင့် ထမင်းစားဖို့တောင် အနိုင်နိုင်၊ ကမ္ဘာနဲ့ ချီတဲ့ ပြဿနာတွေ ဂရုမစိုက် အားသေးဘူးတော်ရေ၊ ဗိုက်ပြည့်ဖို့ ပြေးလွှားနေရတယ်လို့ ပြောကြတာမျိုးလည်း ကြားခဲ့ကြရပါတယ်။ အခုနောက်ပိုင်းမှသာ Global Warmingတို့ Climate Changeတို့ ဆိုတာတွေကို တွင်တွင် ကြားလာ ကြရတာပါ။

စကားလုံးတွေကို သာကြားရ ဖတ်ရရုံသာမကပဲ သိသိသာသာ ပြောင်းလဲလာတဲ့ ရာသီဥတု တွေကိုလည်း ကိုယ်တိုင် ခံစားလာကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဆောင်းရာသီများဟာ အရင်ကနဲ့ မတူ မအေးတော့တာကို သိသိသာသာ ခံစားကြဖူးမှာပါ။ ဒါတင်မက ပတ်ဝန်းကျင်မှာ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်ခြင်းရဲ့ ဆိုးကျိုးအဖြစ် မြို့ကြီးတွေမှာ ရေလျှံ ရေကြီးတာတွေကိုလည်း မကြားစဖူး ကြားလာ ကြရပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မီးခိုးခေါင်းတိုင်ကြီးတွေ တလူလူနဲ့ အငွေ့ဆိုးတွေလွှတ်ထုတ်နေတဲ့ စက်မှုနိုင်ငံတွေ၊ သစ်ပင် တွေ ပြုန်းတီးအောင် ခုတ်ရောင်းနေတဲ့ အစိုးရတွေကို ချည်း အပြစ်တင်နေလို့ မဖြစ်တော့ပါဘူး။ သူတို့တွေမှာ တာဝန်တွေရှိကြတာ မှန်သလို လူတိုင်း လူတိုင်း ကလည်း တစ်ဦးတစ်ယောက်ချင်း မိမိတို့ တတ်စွမ်းသမျှ တာဝန်ကိုယ်စီယူကြရမယ့် အချိန်ရောက်နေပါပြီ။ တတ်စွမ်းသမျှလို့ ဆိုတဲ့နေရာမှာ အမှိုက်တွေ စည်းကမ်းတကျ စွန့်ပစ်တာမျိုးကစလို့ စက္ကူတွေ မဖြုန်းတီးတာ၊ တတ်နိုင်သမျှ ပြန်လည်သုံးစွဲတာတွေ၊ ရေ မီး စတဲ့ သဘာဝအရင်းအမြစ်တွေ ချွေတာတာတွေ အမျိုးစုံအောင် ပါ ပါတယ်။ တကူးတက လုပ်ဆောင်ရတာမျိုးမဟုတ်ပဲ မိမိတို့ လက်လှမ်းမီရာလေးတွေကို တစ်ယောက်ချင်း လိုက်နာ ဆောင်ရွက်သွားကြမယ်ဆိုရင် ရလာဒ်က မသေးပါဘူး။ လူတစ်ယောက်ချင်းသာ ဈေးဝယ်တိုင်း ကျွတ်ကျွတ်အိပ် မသုံးပဲ ကိုယ်ပိုင်အိတ်နဲ့ ခြင်းနဲ့သာ သွားကြမယ်ဆိုရင် ကျွတ်ကျွတ်အိပ်တွေ ဘယ်လောက်လျော့ သွားလိုက်လေမလဲ။ အိမ်တိုင်းမှာ မီးသုံးစွဲမှုတွေကို လျှော့ကြမယ်ဆိုရင်လည်း လောင်စာ သုံးစွဲမှုတွေလည်း ဘယ်လောက်တောင် လျော့သွားလိုက်လေမလဲ။ တစ်ယောက်ချင်းစီရဲ့ လုပ်ရပ်က ရမယ့် အကျိုးဆက်တွေကို ကြည့်ပြီး လူတိုင်းကသာ အရာရာကို အသိစိတ်ထားလို့ လုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုရင် ကမ္ဘာမြေအတွက် ကောင်းကျိုးတွေ အများကြီးရနိုင်မယ် လို့ ယုံကြည်ပါတယ်။

1 comment:

Unknown said...

မှန်တယ်..ဒါပေမဲ့ အဓိက တာဝန်ရှိသူက ချမှတ်ပေးဖို့လိုတယ်..။ ဥပမာ.. ကျွတ်၂အိတ်မသုံးရဆိုတာပေါ့..
ပြောရင် ရေးရင် အများကြီးကွာ..
အသိတွေက အသိပညာရှင်တွေဆီမှာ ရှိနေတယ်..
ဒါပေမဲ့ လုပ်ချင်တာတွေ ဘာမှမစဉ်းစားပဲနဲ့လုပ်နေတာလေ..
တကယ်ဆို... ဘာပဲဆောက်ဆောက် ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်..ဒီအခါမှာ တိုးတက်ပီးသားနိုင်ငံတွေက အခုချိန်မှာကာကွယ်ဖို့ကြိုးစားနေတယ်.. ဒီတော့ ကိုယ့်နိုင်ငံမှာ အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့ အဆောက်အဦတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဘာတွေကို ဖြင့် ထည့်သွင်းစဉ်းစားရမယ်ဆိုတာ တွေ.. ရေထုညစ်ညမ်းတာကို ဖြေရှင်းဖို့ treatment စက်ရုံတွေအရေးပါတာတွေ ရှားပါးမျိုးစိတ်တွေ ထိန်းသိမ်းတာတွေ အရာအားလုံးစဉ်းစားပီးမှ လုပ်ဆောင်သင့်ပေမဲ့.......ဟင်းးးးး